ဘင်္ဂါလီအကြမ်းဖက်မှုကို စိုးရိမ်သဖြင့် တောင်ပေါ်ကျေးရွာများအား စွန့်ခွာထွက်ပြေးလာကြသည့် မြိုတိုင်းရင်းသား အိမ်ထောင်စုအချို့နှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် တိုင်းရင်းသားများ နေအိမ်မရရှိသေးသည့်အတွက် ခိုလှုံရာကျေးရွာသစ်များတွင် တဲအိမ်များဆောက်လုပ်နေထိုင်နေရ

ဘင်္ဂါလီအကြမ်းဖက်မှုကို စိုးရိမ်သဖြင့် တောင်ပေါ်ကျေးရွာများအား စွန့်ခွာထွက်ပြေးလာကြသည့် မြိုတိုင်းရင်းသား အိမ်ထောင်စုအချို့နှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် တိုင်းရင်းသားများ နေအိမ်မရရှိသေးသည့်အတွက် ခိုလှုံရာကျေးရွာသစ်များတွင် တဲအိမ်များဆောက်လုပ်နေထိုင်နေရ
Published 23 June 2018

ပြောင်းရွှေ့လာကြသည့် မြိုတိုင်းရင်းသားအိမ်ထောင်စုအချို့ ခုံတိုင်ကျေးရွာသစ်တွင် ယာယီတဲအိမ်များဖြင့် နေထိုင်နေကြသည်ကို တွေ့ရစဉ်

ဘင်္ဂါလီအကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် တောင်ပေါ်ကျေးရွာများကို စွန့်ခွာထွက်ပြေးလာကြသည့် မြိုတိုင်းရင်းသားအိမ်ထောင်စု တချို့နှင့်ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် တိုင်းရင်းသားများ နေအိမ်မရရှိသေးသည့်အတွက် ခိုလှုံရာကျေးရွာသစ်များတွင် တဲအိမ်များဆောက်လုပ်နေထိုင်နေရကြောင်း သိရသည်။

“ကျွန်တော်တို့ ခုံတိုင်ရွာသားတွေကတော့ နေအိမ် ၄၈ လုံးရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့နဲ့အတူ နေရပ်စွန့်ခွာပြောင်းရွှေ့ဆင်းလာကြတဲ့ ပန်စည်ရွာက မိသားစု ၁၀ စုနဲ့ ဆန်ပြာရွာက မိသားစုက နှစ်စုကတော့နေ အိမ်မရသေးဘူး။ အခုသူတို့ တာလပတ်မိုးပြီး တဲထိုးနေကြရတယ်။ တဲအမိုးအကာအတွက် တာလပတ်တွေကိုတော့ ရှိတဲ့သူတွေကပေးပြီး ဆောက်လုပ်နေထိုင်ကြပါတယ်။ သူတို့အတွက် နေအိမ်တွေကိုတော့ သက်ဆိုင်ရာက လာမယ့်နှစ်မှာ ဆောက်ပေးမယ် လို့တော့ပြောပါတယ်။ အခုတော့ ကျွန်တော်တို့နည်းတူ အလုပ်လည်းမရှိကြဘူး။ အရင်ကတော့ နန်းရာကိုင်းလမ်း၊ ခမောင်းဆိပ်လမ်းတွေမှာ ကျောက်ခွဲဖို့ အလုပ်လုပ်တယ်။ တစ်နေ့ကို ခုနစ်ထောင်၊ တစ်သောင်းရတယ်။ အခုတော့ အလုပ်လည်း မရှိကြဘူး။ ထိုင်နေကြရတယ်။ အရင်ကတော့ ကျွန်တော်တို့က တောင်ယာလုပ်ကိုင်စားသောက်တယ်။ အခုတော့ တောင်ယာကိုလည်း မသွားရဲ မလာရဲဆိုတော့ အလုပ်လက်မဲ့ဖြစ်နေကြတယ်” ဟု ခုံတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောကြားသည်။

အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မောင်တောမြို့ ခုံတိုင်ကျေးရွာရှိ မြို တိုင်းရင်းသားများအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး ၃၀ နှင့်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသော နေအိမ် ၁၈ လုံးတွင် မြိုတိုင်းရင်းသား မိသားစုဝင်များအား နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ခုံတိုင်ကျေးရွာတွင် ပူးပေါင်းနေထိုင်ရန် ရောက်ရှိနေသည့် ပန်စည်ရွာနှင့် ဆန်ပြာရွာမှ မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၂ စုမှာ တဲထိုးနေထိုင်နေရဆဲဖြစ်ကြောင်းလည်း သိရသည်။

အလားတူမောင်တောမြောက်ပိုင်း သွားလာရခက်ခဲသည့် မြိုတိုင်းရင်းသားကျေးရွာများကို စုပေါင်းကာ တည်ဆောက်ထားသည့် ကျေးရွာသစ်ဖြစ်သော သစ်တုံးနားခွဆုံကျေးရွာတွင် နေအိမ်သစ် ၁၀၄ လုံးတည်ဆောက် ပေးထားပြီးဖြစ်သဖြင့် ကျေးရွာသားများအိမ်သစ်တွင် နေထိုင်နေကြပြီဖြစ်သော်လည်း အဆိုပါသစ်တုံးနားကျေးရွာသို့ ရောက်ရှိခိုလှုံ နေကြသည့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများမှာ ကိုယ့်တဲကိုယ်ဆောက်ကာ နေထိုင်နေရကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ရွာမှာ နေအိမ် ၁၀၄ လုံးကို တည်ဆောက်ပြီးလို့ အိမ်ထောင်စု ၈၆ စု ကတော့ နေအိမ်သစ်တွေမှာ နေထိုင်နေကြပါပြီ။ ခွဲထွက်အိမ်ထောင်စုတွေကတော့ အိမ်သစ်မတက်သေးဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ရောက်လာတဲ့အိမ်ထောင်စုကျတော့ သူတို့သီးသန့်တဲထိုးနေကြပါတယ်။ မိုးတွင်းကာလမှာ သူတို့နေဖို့တဲအိမ်တွေမှာ အမိုးအကာအတွက် တာလပတ်တွေကိုတော့ သက်ဆိုင်ရာက တောင်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရောက်နေတဲ့မိသားစုက ၃၆ စုရှိပါတယ်။ အလုပ်အကိုင်ကတော့ ကျွန်တော်တို့ ရွာသားတွေနဲ့ အတူတူပါပဲ။ အလုပ်မရှိကြဘူး။ လယ်ထွန်ဖို့အတွက် သက်ဆိုင်ရာကို စာရင်းပေးထားပါတယ်။ အခုထိတော့ လယ်မထွန်ရသေးဘူး။ လယ်ထွန်ဖို့လည်း ဘာမှမရှိဘူး” ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောကြားသည်။

သစ်တုံးနားခွဆုံကျေးရွာသစ်တွင် မျောက်ခေါင်းတောင်ကျေးရွာမှ အိမ်ထောင်စု ၂၀ စု လူဦးရေ ၁၀၄ ဦး၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု လူဦးရေ ၁၆၉ ဦး၊ ပန်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၂၂၈ ဦးနှင့်အင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၁၁ စု  လူဦးရေ ၇၀ ဦးတို့ နေထိုင်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် အိမ်ထောင်စု ၃၅ စုလည်း ယာယီတဲအိမ်များဖြင့် နေထိုင်နေကြောင်း သိရသည်။

သစ်တုံးနားခွဆုံကျေးရွာမှ မြိုတိုင်းရင်းသားများအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေအိမ် ၄၄ လုံးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောက်လုပ်လှူဒါန်းသည့် နေအိမ်အလုံး ၆၀ အား ကျေးရွာသားများကို လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent