Mytel အနေဖြင့် ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ကာကွယ်ရေးဦးစီးချုပ်၏သားဖြစ်သူ ရှယ်ယာ ပါဝင်ခြင်းမရှိကြောင်း ရှင်းလင်း

Mytel အနေဖြင့် ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ကာကွယ်ရေးဦးစီးချုပ်၏သားဖြစ်သူ ရှယ်ယာ ပါဝင်ခြင်းမရှိကြောင်း ရှင်းလင်း
Published 23 June 2018

ပြင်ပတွင် ပျံ့နှံ့နေသည့် သတင်းများနှင့်ပတ်သက်ပြီး Mytel မှ တာဝန်ရှိသူတစ်ဦး မီဒီယာများအား ရှင်းလင်းနေစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)

Mytel အနေဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ကာကွယ်ရေးဦးစီးချုပ်၏သားဖြစ်သူ ရှယ်ယာ ပါဝင်ခြင်းမရှိကြောင်း Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ဇွန် ၂၁ ရက် က  Park Royal ဟိုတယ်၌ ပြုလုပ်သည့် မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားသည်။

Mytel အနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းမ်ကတ်ပေါင်း သုံးသန်းကျော်ဖြန့်ချိထားပြီး လာမည့် ၂၀၂၀ တွင် အသုံးပြုသူပေါင်း ငါးသန်းကျော်ထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ထားပြီး ၂၀၁၈ ကုန်အထိ တာဝါတိုင် ၆၀၀၀ ကျော် တည်ဆောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ Mytel ကို ပြည်တွင်းက ၅၁ ရာခိုင်နှုန်းနဲ့ ပြည်ပက ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပြည်တွင်း ၅၁ ရာခိုင်နှုန်းထဲမှာမှ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Star Hight ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အပြင်မှာလူတွေပြောနေကြသလို ကာကွယ်ရေးဦးစီးချုပ်ရဲ့သားဖြစ်သူက ရှယ်ယာတွေပါဝင်ထားတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ သူ့အနေနဲ့က ရှယ်ယာ လုံး၀ ပါဝင်ထားခြင်း မရှိပါဘူး။ အခုလက်ရှိအချိန် ထိတော့ ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိသွားပါပြီ။ နှစ်ဘီလျံကျော်အထိ ရင်းနှီးမြှုပ်နှံသွားမှာပါ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

Mytel အနေဖြင့် ပထမဆုံး ဖုန်းခေါ်ဆိုမှု စမ်းသပ်ခြင်းကို ၂၀၁၈ ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး ၂၀၁၈ မတ် ၁၅ ရက်က နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့ တွင် ဆင်းမ်ကတ်များကို စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဆင်းမ်ကတ် မိတ်ဆက်အသုံးပြုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူပေါင်း တစ်သန်းကျော်ရှိကြောင်း သိရသည်။

Mytel အနေဖြင့် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးရရှိနိုင်ရေးကို အဓိက ဦးစားပေးလုပ်ကိုင်နေပြီး တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပါဝင် ကူညီဆောင်ရွက်သော်လည်း ခက်ခဲသည့် အနေအထားများရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ Mytel အနေဖြင့် နောက်ပိုင်းတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Mobile Money ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် လျှောက်ထားပြီး ခွင့်ပြုချက် ရရှိပါက လုပ်ကိုင်သွားမည်ဖြစ်ပြီး မကြာခင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Mytel ၏ အခြေခံဝန်ဆောင်မှုနှုန်းထားများမှာ Mytel အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၀ ကျပ်နှင့် အခြားအော်ပရေတာများ၏ဖုန်းသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၃ ကျပ်ဖြစ်သည်။ သုံးသလောက်ပေး အင်တာနက်အစီအစဉ်တွင် 1MB လျှင် ငါးကျပ် ဖြစ်ပြီး ယင်းမှာ ရာခိုင်နှုန်း ၄၀ သက်သာစေမည်ဟု ဆိုသည်။ ၁၀၀ ရာခိုင်နှုန်း  ပြန်လည်ရရှိမည့် ငွေဖြည့် အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဥပမာအားဖြင့် ကျပ် ၅၀၀၀ ဖြည့်ပါက ကျပ် ၅၀၀၀ အပိုရရှိမည်ဖြစ်သည်။

ဖုန်းပြောခကောက်ခံရာတွင် တစ်စက္ကန့်ချင်းအခြေခံပြီးကောက်ခံမည်ဟု ဆိုသည်။ ဆင်းမ်ကတ်မှာ တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဆင်းမ်ကတ်သုံးစွဲမှု ငါးသန်းပဲရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သန်း ၅၀ လောက် ရှိလာပါတယ်။ ဒီလေးနှစ်အတွင်းမှာ ဆင်းမ်ကတ်သုံးစွဲနိုင်မှုက ရာခိုင်နှုန်း ၉၀ လောက်တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် နိုင်ငံ့လူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ လောက် နေထိုင်နေကြတဲ့ကျေး  လက်ဒေသတွေမှာ တစ်ဝက်လောက်က မိုဘိုင်းဖုန်းတွေသုံးစွဲနိုင်ခြင်း မရှိသေးဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းသုံးစွဲမှုဟာ ခုချိန်မှာ ရာခိုင်နှုန်း ၉၀ ကျော်လာပြီဆိုပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်တော့ အလယ်အလတ် အဆင့်ပဲရှိပါသေးတယ်။ အိန္ဒိယနဲ့ထိုင်းမှာဆိုရင် မိုဘိုင်းဖုန်းသိပ်သည်းဆဟာ ၁၀၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အလားအလာတွေအများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် မိုဘိုင်း အင်တာနက်နဲ့ Broadband အင်တာနက်တွေမှာ အများကြီးလုပ်လို့ ရပါသေးတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။

Mytel ၏ မိုက်တယ် Package အစီအစဉ်မှာလည်း အော်ပရေတာအားလုံးအနက် စိတ်ဝင်စားစရာဖြစ်လာပြီး ပထမတစ်လအတွင်း ကျပ် ၄၀၀၀ ဖြင့် အင်တာနက်အတွက်  5 GB  နှင့် ဖုန်းပြောခြင်းအတွက် မိနစ်၂၅၀ (Mytel အချင်းချင်း) အသုံးပြုခွင့်ကိုရရှိမည် ဖြစ်သည်။

Mytel ကုမ္ပဏီသည် မြန်မာနှင့်ဗီယမ်နမ်နှစ်နိုင်ငံမှ ကုမ္ပဏီများ ပူးပေါင်းတည်ထောင်ထားသည့် အော်ပရေတာတစ်ခုဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ဆိုင်ရာ အသိအမြင်များကို မြန်မာကုမ္ပဏီများဘက်မှ တာဝန်ယူ လုပ်ဆောင်ရမည်ဖြစ်ပြီး ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီ Viettel မှ နည်းပညာပိုင်း တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။

Most Recent