FMI လေကြောင်းလိုင်းမှ ရန်ကုန်-နေပြည်တော်ခရီးစဉ်ပျံသန်းသည့် ATR လေယာဉ်တစ်စင်း လေဖိအားကြောင့် လေယာဉ်၏ယာဘက်လေကာမှန် အက်ကွဲမှုဖြစ်ပွား

FMI လေကြောင်းလိုင်းမှ ရန်ကုန်-နေပြည်တော်ခရီးစဉ်ပျံသန်းသည့် ATR လေယာဉ်တစ်စင်း လေဖိအားကြောင့် လေယာဉ်၏ယာဘက်လေကာမှန် အက်ကွဲမှုဖြစ်ပွား
Published 23 June 2018

FMI လေကြောင်းလိုင်းမှ ရန်ကုန်-နေပြည်တော် ခရီးစဉ် ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၂၁ ရက်က FMI လေကြောင်းလိုင်းမှ ရန်ကုန်-နေပြည်တော်ခရီးစဉ် ပျံသန်းလာသည့် ATR အမျိုးအစား လေယာဉ်သည် နေပြည်တော်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပျံသန်းထွက်ခွာလာပြီး မိနစ် ၂၀ ခန့်အကြာ အမြင့်ပေ ၁၆၀၀၀ ခန့်အရောက်တွင် လေဖိအားကြောင့် လေယာဉ်၏ယာဘက် လေကာမှန် အက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လေကာမှန်အက်ကွဲခဲ့သော်လည်း လေယာဉ်မှာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းလေယာဉ်အား ကပ္ပတိန် ဦးနိုင်မြင့်ခိုင် မောင်းနှင်ပြီး လေယာဉ်အမှုထမ်း လေးဦး၊ ခရီးသည် ၂၂ ဦးနှင့် လုံခြုံရေးဝန်ထမ်းနှစ်ဦး လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမတော်တဆမှုနှင့်ပတ်သက်၍ FMI လေကြောင်းလိုင်းအား ဆက်သွယ်မေးမြန်းရာတွင် စာဖြင့်ပေးပို့မေးမြန်းပါရန် အကြောင်းပြန်ကြားသဖြင့် စာဖြင့် ဆက်သွယ်ကာ သတင်းမေးမြန်းခဲ့သော်လည်း ဇွန် ၂၂ ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

“ဒီလိုဖြစ်စဉ်တွေက ရာသီအပြောင်းအလဲမှာ ဖြစ်တတ်ပါတယ်။ လေယာဉ်ကနေ ပြည်တော်ကနေ ထွက်ခွာလာပြီး မိနစ် ၂၀ လောက်အကြာမှာ ဖြစ်တာပါ။ ဖြစ်ဖြစ်ချင်း လေယာဉ်မှူးက အမြင့်ပေ ၁၀၀၀၀ အထိ လျှော့ချပျံသန်းပြီး ရန်ကုန်လေဆိပ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်“ ဟုလေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက် နံနက်က ရန်ကုန်-မြိတ်ခရီးစဉ် ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR လေယာဉ်တစ်စင်း စက်ပိုင်းဆိုင်ရာ ပြန်လည်စစ်ဆေးရန် လိုအပ်မှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်စစ်ဆေးခဲ့ရကြောင်း သတင်းရရှိသည်။

ထို့ပြင် ဇွန် ၇ ရက်ကလည်း ရန်ကုန်- စင်ကာပူ ခရီးစဉ် ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်တစ်စင်းသည် ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သော ရေခဲမှုဖြစ်ပွားခဲ့ပြီး အမြင့်ပေ ၃၇၀၀၀ မှ ၂၅၀၀၀ သို့ အရေးပေါ် ဆင်းသက် ပျံသန်းခဲ့ရကြောင်း အဆိုပါလေကြောင်းလိုင်းမှ သတင်းရရှိသည်။

Most Read

Most Recent