ဆက်သွယ်ရေး အော်ပရေတာများကပေးပို့သည့် မက်ဆေ့ချ်များတွင် ယူနီကုတ်စနစ်သုံး မြန်မာဖောင့်အသုံးပြုရန် ညွှန်ကြားပြီးဖြစ်သော်လည်း အချိန်ပေးထားဟုဆို

ဆက်သွယ်ရေး အော်ပရေတာများကပေးပို့သည့် မက်ဆေ့ချ်များတွင် ယူနီကုတ်စနစ်သုံး မြန်မာဖောင့်အသုံးပြုရန် ညွှန်ကြားပြီးဖြစ်သော်လည်း အချိန်ပေးထားဟုဆို
Published 23 June 2018

ဆက်သွယ်ရေးအော်ပရေတာများက ပေးပို့သည့် မက်ဆေ့ချ်များတွင် ယူနီကုတ်စနစ်သုံး မြန်မာဖောင့်ကို အသုံးပြုရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အော်ပရေတာများအနေဖြင့် အချိန်ယူရမည်ဆိုသောကြောင့် အချိန်ပေးထားခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် စံနှုန်းတစ်ပြေးညီဖြစ်စေရန်နှင့် နိုင်ငံတကာနည်းတူ ဖောင့်စနစ်ပိုင်းတွင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာရန်အတွက် ယူနီကုတ်စံနှုန်းလိုက်နာသည့် ဖောင့်များကိုသာ တရားဝင်အသုံးပြု လာစေရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အော်ပရေတာတွေအနေနဲ့ သုံးစွဲသူတွေဆီ မက်ဆေ့ချ်တွေပို့တဲ့အခါ ယူနီကုတ်စံ နှုန်းလိုက်နာတဲ့ ဖောင့်တွေကို အသုံးပြုဖို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါ အော်ပရေတာတွေဘက်ကလည်း ပြန်ဆွေးနွေးတာက အဲဒါလုပ်ဖို့ဆိုရင် အထိုင်စက်မှာပြုပြင်မှုတွေ ပြန်လုပ်ရမယ်၊ အချိန်ယူရမယ်ဆိုတာကြောင့် အချိန်ပေးထားတာ ဖြစ်ပါတယ်။ ဇော်ဂျီဖောင့်အစား ယူနီကုတ်ဖောင့်နဲ့ အစားထိုးပေးပို့ရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ သုံးစွဲသူအနေနဲ့ ဘယ်ဖောင့်နဲ့မြင်ချင်လဲဆိုတာ ရွေးချယ်စေမလား၊ ဒါမှမဟုတ် ဖောင့်နှစ်မျိုးစလုံးနဲ့ ပေးပို့စေတာမျိုးပေါ့” ဟုဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ယူနီကုတ်စံနှုန်းလိုက်နာသည့် ဖောင့်ကိုသာအသုံးပြုနိုင်သည့် စမတ်ဖုန်းများအနေဖြင့် အော်ပရေတာများက ပေးပို့လာသည့် မက်ဆေ့ချ်ကအစ မဖတ်ရှုနိုင်သော ပြဿနာများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်တွင်ဖြစ်စေ၊ ဝက်ဘ်ဆိုက်များတွင်ဖြစ်စေ ဇော်ဂျီဖောင့်၊ ယူနီကုတ်ဖောင့် နှစ်မျိုးစလုံးဖြင့် ဖော်ပြပေးခြင်း၊ ဖောင့်ကိုရွေးချယ်အသုံးပြုနိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်ပေးလာကြကြောင်း သိရသည်။ သို့သော် ဇော်ဂျီဖောင့်မှာ ပိုမိုတွင်ကျယ်နေဆဲဖြစ်ပြီး သုံးစွဲသူအများစုမှာလည်း နည်းပညာပိုင်းဆိုင်ရာကိစ္စများ၊ အခြားဆက်စပ်နေသော ကိစ္စများထက်ဖောင့်နှင့် ပတ်သက်လာပါက လတ်တလော ဖတ်ရှုနိုင်ရန်နှင့် အဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက်သာ ပိုမိုအလေးထား ဦးစားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့် လိုင်စင်ရရှိထားသော ကုမ္ပဏီများသို့ ‘ယူနီကုတ်စနစ်သုံး မြန်မာစာစနစ်များ အသုံးပြုနိုင်သော မိုဘိုင်းဖုန်းများတင်သွင်းရန်ကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့်ညွှန်ကြားချက်တစ်စောင်ကို ၂၀၁၈ ခုနှစ် ဇွန် ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ညွှန်ကြားခဲ့သေးသည်။

Most Read

Most Recent