မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သည့် အောင်သန်းေ၀ အကောင့်ပိုင်ရှင်အား ၆၆(ဃ)နှင့် ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သည့် အောင်သန်းေ၀ အကောင့်ပိုင်ရှင်အား ၆၆(ဃ)နှင့် ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး
Published 22 June 2018

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သည့် အောင်သန်းေ၀ အကောင့်ပိုင်ရှင်အား ၆၆(ဃ)နှင့် ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အောင်သန်းေ၀ အကောင့်ပိုင်ရှင် ဦးအောင်သန်းဝေအား ဇွန် ၂၁ ရက် ညနေက ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ကျွန်တော်တို့ကို ဖမ်းတာက နိုင်ငံသား အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ကို ချိုးဖောက်တယ်ဆိုတာ တစ်ချက်ပါတယ်။ နောက်တစ်ချက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ တစ်ချက်ပါတယ်။ အဲဒါကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေက လက်မှတ်ထိုးပြီး မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ သိရတယ်။ ငါးနာရီလောက်က ဖမ်းတယ်ပေါ့။ အဓိကတော့ လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ) ဘယ်သူလဲဆိုတဲ့စာနဲ့ အစိုးရအဖွဲ့ကို မေးမြန်းခဲ့တဲ့ ဗွီဒီယိုရုပ်သံဖိုင်တွေ တင်ခဲ့တယ်။ အဲဒါက ၆၆(ဃ)နဲ့ စွဲတယ်၊ နောက်တစ်ချက်က အသေချာတော့ မသိသေးဘူး။ ဒါပေမဲ့ ဒေါက်တာ အေးမောင်ကို စွပ်စွဲချက် ပယ်ဖျက်ဖို့ တောင်းဆိုချက်ကို ပယ်ဖျက်လိုက်တဲ့နေ့မှာ တရားဥပဒေအထက်မှာ ဘယ်သူရှိသလဲဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကို မေးခွန်းထုတ်ချင်တယ်လို့ Live လွှင့်ခဲ့တော့ အဲဒါလည်း ဖြစ်ကောင်းဖြစ်မယ်။ ပြည်သူ့အစိုးရက တရာဥပဒေ စိုးမိုးရေး ပုံဖော်နေပါတယ်လို့ ပြောတယ်။ လက်တွေ့မှာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှု နည်းနေတာကို ကျွန်တော်တို့က ထောက်ပြတယ်။ သူတို့က အဲဒီလိုလူကို အရေးယူတယ်ဆိုတာ တရားဥပဒေ ကင်းမဲ့သလို ဖြစ်နေတာပေါ့ဗျာ”ဟု ဖမ်းဆီးခံရသူ ဦးအောင်သန်းဝေက ပြောကြားသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် “ လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ”ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသားဖော်ပြခဲ့သည်။ ယင်းသို့ ရေးသားသည့်အတွက် ၆၆(ဃ) ဖြင့် စွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း အမှုဖွင့်ထားသဖြင့် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးလိုက်တာတော့ ဟုတ်ပါတယ်။ လူမှုကွန်ရက်မှာ ရေးသားမှုကြောင့် ၆၆ (ဃ) နဲ့တစ်မှု၊ နောက်တစ်မှုက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ အမှု ဖွင့်ခံထားရတာ ဖြစ်ပါတယ်။ အမှုဖွင့်တာက ရခိုင်ပြည်နယ် အစိုးရအဖွဲ့လို့ ပါတဲ့အတွက် အစိုးရအဖွဲ့က အမှုဖွင့်တယ်လို့သာ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပုဒ်မ ၁၀ ကတော့ အာမခံ မပေးနိုင်တဲ့အမှု ဖြစ်နေပါတယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံထားရသူ ဦးအောင်သန်းေ၀ သည် ဒေါက်တာအေးမောင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent