ဒဂုံအရှေ့မြို့နယ် NLD ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ အချေအတင်ဖြစ်ပွားမှု ဗီဒီယိုဖိုင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့

ဒဂုံအရှေ့မြို့နယ် NLD ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ အချေအတင်ဖြစ်ပွားမှု ဗီဒီယိုဖိုင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့
Published 22 June 2018

လူမှုကွန်ရက် စာမျက်နှာပေါ်၌ ပျံနှံ့နေသည့် ဒဂုံအရှေ့မြို့နယ် NLD ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ အချေအတင်ဖြစ်ပွားမှု ဗီဒီယိုဖိုင်မှ မြင်ကွင်းအချို့

ဒဂုံအရှေ့မြို့နယ် NLD ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ အချေအတင်ဖြစ်ပွားမှု ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ဇွန် ၂၁ ရက်တွင် ပျံ့နှံ့လျက် ရှိသည်။

စကားများ အချေအတင် ဖြစ်ပွားခဲ့သည့် နေရာမှာ ဒဂုံအရှေ့မြို့နယ် အမှတ် (၇) ရပ်ကွက် ကျန်စစ်သားလမ်းမ ပေါ်တွင်ဖြစ်ပြီး ဆိုင်ကယ် ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သက်၍ စကားများခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံအရှေ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “သူတို့က နဂိုတည်းက ပြောနေတာ ဆိုင်ကယ်ဖမ်းရင် ခဏခဏ ကျွန်တော်တို့နဲ့ စကားများရတယ်။ လွှတ်တော်မှာ ကျွန်တော်တို့ ဆွေးနွေးဖူးတယ်။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်။ လိုင်စင်ပါရမယ်။ ဆိုင်ကယ်ကို ဖမ်းတဲ့အခါ ရဲပါရမယ်၊ စည်ပင်ပါရမယ်၊ ယာဉ်ထိန်းရဲပါရမယ်၊ ထွေအုပ်ပါရမယ်။ စည်ပင်ဥပဒေနဲ့ ဆိုင်ကယ်တွေကို ဖမ်းနေတာ။ အခု ဖြစ်တာက ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပဲပါတယ်။ ရဲက ဆိုင်ကယ် ဖမ်းတယ်။ ဖမ်းပြီးရင် ပိုက်ဆံတောင်းပြီး လွှတ်ပေးတယ်။ အဲဒီလိုတွေဖြစ်တော့ မြို့နယ် NLD ဥက္ကဋ္ဌက သူတို့ကို သွားပြောတာ။ အဲဒီလို သွားပြောတော့ ဥက္ကဋ္ဌ က ကားပေါ်က ဆင်းလာတုန်း ရှိသေးတယ်။သူတို့က ဝိုင်းတွန်းတာ။ လည်ပင်းပါ ညှစ်တယ်။ အဲဒီလိုဖြစ်တော့ ပါတီဥက္ကဋ္ဌလည်း ဒေါသထွက်ပြီး ပြန်ရန်လုပ်တယ်။ ညဘက်ကျတော့ သောက်ထား စားထားတာလည်း ရှိမှာပေါ့။ အဲဒီလိုဖြစ်တော့ ဥက္ကဋ္ဌက ကျွန်တော့်ကို လှမ်းပြောတာ။ အဓိကကတော့ ရဲတပ်ဖွဲ့က ညဘက်ဆို ဆိုင်ကယ်တွေဖမ်းရင် ဥပဒေကို ချိုးဖောက်နေတာ။ ဆိုင်ကယ်ဖမ်းချင်ရင် စည်ပင်၊ ယာဉ်ထိန်းရဲ၊ ထွေအုပ် ပါရမယ်။ ဥက္ကဋ္ဌနဲ့ မဖြစ်မီ တစ်ရက်ဆို EPC က ကောင်လေးက မီးပျက်လို့ ဆိုင်ကယ်စီးပြီး မီးပြင်ဖို့ သွားတာကို ဖမ်းတာ။ EPC ကကောင်လေးကို ဖမ်းတာက ပြဿနာမဖြစ်ခင် တစ်ရက်။ နောက်နေ့ ဖမ်းတာက အလုပ်ကြမ်းသမား ဆိုင်ကယ်စီးလာတာကို ဖမ်းတာ။ အလုပ်ကြမ်းသမားကို ဖမ်းတော့ သူက ဒဂုံမြောက်မှာလည်း အဖမ်းခံရပြီး ဒဏ်ငွေဆောင်ခဲ့ရတယ်။ သူက ဒဂုံအရှေ့က သူ့အိမ်ကို အလုပ်က ပြန်လာတာ။သူက ထပ်ဖမ်းခံရတော့ သူနဲ့သိတဲ့ ဥက္ကဋ္ဌကို ဖုန်းဆက်ပြောတော့ ဥက္ကဋ္ဌက လာပြောပေးတဲ့ အချိန်မှာ ရဲတပ်ဖွဲ့က ပြသာနာရှာတာ” ဟု ဇွန် ၂၁ ရက် ညပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ဒဂုံအရှေ့မြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ ပြောကြားထားကြောင်း ဒဂုံအရှေ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ပြောကြားချက်အရ သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ဒဂုံအရှေ့မြို့နယ် NLD ဥက္ကဋ္ဌက ဆဲဆိုသည့် စကားလုံးများ ပါဝင်သည်ကို တွေ့ရပြီး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ကိုလည်း တွေ့ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံအရှေ့မြို့နယ် ရဲတပ်ဖွဲ့မှူးက “ကျွန်တော်အဲဒီဟာကို မသိသေးပါဘူး။ အင်တာနက်မှာ တက်တာကို ကြည့်လိုက်ပါဦးမယ်”ဟု ဇွန် ၂၁ ရက် ညပိုင်း က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒဂုံအရှေ့ မြို့နယ် NLD ဥက္ကဋ္ဌအား ဇွန် ၂၁ ရက် ည ၁၁ နာရီခန့်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။ ၎င်းအား ဆက်သွယ်မှု ရရှိပါက သတင်းအား ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Most Read

Most Recent