နယ်စပ်ဒေသ စစ်ရှောင်များအား ကူညီရေးတွင် ဘာသာရေး အဖွဲ့အစည်းများကို ပိတ်ပင်ရသည့်အကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ရှင်းလင်း

နယ်စပ်ဒေသ စစ်ရှောင်များအား ကူညီရေးတွင် ဘာသာရေး အဖွဲ့အစည်းများကို ပိတ်ပင်ရသည့်အကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ရှင်းလင်း
Published 22 June 2018

နယ်စပ်ဒေသ စစ်ရှောင်များ ကူညီရေးတွင် ဘာသာရေး အဖွဲ့အစည်းများအား ပိတ်ပင်ရသည့်အကြောင်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဇွန် ၂၀ ရက် တွင် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ နှစ်နှစ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက KIA ထိန်းချုပ် ဧရိယာအတွင်း စစ်ရှောင်များအား ကူညီရာတွင် KBC ဘာသာရေးဆရာများကို မည်သည့်အတွက်ကြောင့် ပိတ်ပင်ရကြောင်း မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က “ KIA ဟာ လက်ရှိ ဥပဒေအရ မတရားအသင်း ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီ ဒေသမှာရှိတဲ့ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကို ကူညီမယ်ဆိုရင် တရားဝင် ဖွဲ့စည်းထားကတည်းက ဒေသန္တရ အစိုးရအဖွဲ့ဖြစ်တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို တရားဝင် ခွင့်တောင်းရမှာ ဖြစ်ပါတယ်။ လိုအပ်သလို စိစစ်တာ၊ ပေါင်းစပ်ညှိနှိုင်းတာတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို မတင်ပြဘဲ မတရားအသင်းဖြစ်တဲ့ ကေအိုင်အေအဖွဲ့ကို ဆက်သွယ်တာ ဥပဒေအရ ငြိစွန်းတာ ထင်ရှားပါတယ်။ အဲဒီဒေသက စစ်ရှောင်စခန်းတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ တရားဝင်ပေးနိုင်ဖို့ဆိုရင် တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အစိုးရ၊ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒေသန္တရအစိုးရဖြစ်တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ခွင့်တောင်းရမှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ မြန်မာနိုင်ငံသား စစ်ရှောင်တွေကို ကူညီထောက်ပံ့တာ ပြဿနာ မဟုတ်ပါဘူး။ လိုအပ်သလို ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ နောက်ကွယ်က ကေအိုင်အေနဲ့ ဆက်သွယ်တာ၊ မတရားအသင်း ၁၇ (၁)နှင့် ငြိစွန်းနိုင်တယ်။ ဒါကြောင့် မသွားသင့်တာပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မေ ၄ ရက်က ဝိုင်းမော်၊ ကချင် နှစ်ခြင်းအသင်းတော်က တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ အကြားရှိ စစ်ရှောင်စခန်းကို သွားရောက် ကူညီခဲ့ခြင်းကြောင့် နောင်ထပ်မသွားရန် မေ ၂၁ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သတိပေး တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၏ အဓိကရည်ရွယ်ချက်မှာ စစ်ရှောင်များကို ကူညီရန်သာ ဖြစ်သည့်အတွက် အစိုးရ၏ သတိပေးချက်ကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent