လှော်ကားဥယျာဉ်၌ ရေမြင်းကို စနောက်သည့် လုံခြုံရေးဝန်ထမ်းတစ်ဦး အကိုက်ခံရ၍ သေဆုံး

လှော်ကားဥယျာဉ်၌ ရေမြင်းကို စနောက်သည့် လုံခြုံရေးဝန်ထမ်းတစ်ဦး အကိုက်ခံရ၍ သေဆုံး
Published 22 June 2018

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ လှော်ကားဥယျာဉ်အတွင်း၌ လုံခြုံရေးဝန်ထမ်း တစ်ဦးသည် ရေမြင်းအား စနောက်ရာမှ ရေမြင်းက ကိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဇွန် ၂၁ ရက် တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇွန် ၂၀ ရက် ညနေ ၅ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြောက်ပိုင်းရပ်ကွက် လှော်ကားဥယျာဉ်ရှိ ရေမြင်းကန်တွင် လုံခြုံရေးဝန်ထမ်း တစ်ဦး ရေမြင်းအကိုက်ခံရ၍ သေဆုံးကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးကြည့်ရှုရာ သေဆုံးသူမှာ လှော်ကားဥယျာဉ်၏ လုံခြုံရေးဝန်ထမ်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် တွင် နေထိုင်သည့် ဦး .... (၄၈ နှစ်) ဆိုသူ ဖြစ်ကြောင်း သိရသည်။

“သေတဲ့သူနဲ့ သူရဲ့တူတော်စပ်တဲ့ သူနဲ့က လှော်ကားဥယျာဉ်ထဲမှာ ရှိနေတုန်း သေတဲ့သူက ရေမြင်းတစ်ကောင်တည်း ရှိနေတဲ့ ကန်ထဲကိုဆင်းပြီး ရေမြင်းကို စတယ်လို့ သိရတယ်။ အဲဒီလိုစတော့ ရေမြင်းက ကိုက်လိုက်တာ” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

ထိုသို့ ရေမြင်း အကိုက်ခံရသဖြင့် လုံခြုံရေးဝန်ထမ်း ဦး.... မှာ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်ကို ထောက်ကြန့်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၈) ဖြင့် အမှုဖွင့်ထားသည်။

 

Most Read

Most Recent