<

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တရုတ်အစိုးရက သြဇာသက်ရောက်ရေး ကြိုးစားရာ၌ လက်တွေ့အလုပ်မဖြစ်သည့်အတွက် ပြန်လည်သုံးသပ်ရန် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ပြောကြား

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တရုတ်အစိုးရက သြဇာသက်ရောက်ရေး ကြိုးစားရာ၌ လက်တွေ့အလုပ်မဖြစ်သည့်အတွက် တရုတ်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။

တအန်းလက်နက်ကိုင်အဖွဲ့၏ လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး၊ စစ်ရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနနှင့် ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့၏ သီးသန့်အင်တာဗျူးတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် တပ်မတော်၏ သဘောထား ပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံးဆွေးနွေးရာတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိနေသည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုသည်။

“တရုတ်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ သြဇာသက်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အနေအထားမှာ သိပ်ပြီးလက်တွေ့ အလုပ်မဖြစ်ဘူးဆိုတာ ထင်ရှားနေတယ်။ ဒါကို တရုတ်အစိုးရဘက်က ပြန်လည်သုံးသပ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ တစ်ခုပြန် သုံးသပ်ကြည့်တာကတော့ ဒီအခု တရုတ်အစိုးရက မြန်မာနိုင်ငံရေး ဖြစ်စဉ်မှာ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို တကယ်ပြုပြင်ပြောင်းလဲနိုင်ဖို့ ရောက်လာတဲ့အထိ တရုတ်အစိုးရအနေနဲ့ စည်းရုံးဆွေးနွေးတာ အခက်အခဲ တစ်စုံတစ်ရာ ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုကလည်း ထင်သလောက် ခရီးမပေါက်သေးဘူးလို့ ကျွန်တော် ဒီလိုပဲ ပွင့်ပွင့်လင်းလင်း မြင်မိပါတယ်” ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုသည်။

ထို့ပြင် တရုတ်အစိုးရ လုပ်ဆောင်လိုသည့် OBOR ပိုးလမ်းမစီမံကိန်း အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသည်လည်း အရေးပါကြောင်းနှင့် ယင်းစီမံကိန်း အောင်မြင်အောင်လုပ်ရန် လိုအပ်ကြောင်းကို မစ္စတာဆွန်ကော့ရှန်က FPNCC နှင့် တွေ့ဆုံတိုင်း ရှင်းပြသည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုသည်။

“ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ကော်မတီကိုလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါပြီးတော့မှ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တစ်ပြိုင်နက်တည်း အနောက်နိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုအပေါ်မှာ မျှော်လင့်ချက်မထားဖို့ ဖြစ်နိုင်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ မပတ်သက်ဖို့တောင်မှ အဲဒီလောက်အထိ ကျွန်တော်တို့ကို တွန်းအားပေးတာတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံ ညီလာခံကိုလည်း အပြုသဘောဆောင်တဲ့ လက္ခဏာနဲ့ သဘောထားတွေနဲ့တက်ဖို့ အတတ်နိုင်ဆုံး လိုက်လျောဖို့ ကျွန်တော်တို့ကို တိုက်တွန်းတယ်” ဟု ၎င်းက ပြောကြားသည်။

FPNCC အနေဖြင့် တရုတ်အစိုးရ၏ အပြုသဘောဆောင်သော တိုက်တွန်းချက်များကို ကြိုဆိုကြောင်း၊ ၎င်းတို့ကိုယ်တိုင်ကလည်း တိုက်ပွဲများ မလိုလားသည့်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

သို့သော်လည်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးဘဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများသည်လည်း ပြောင်းလဲတိုးတက်မှု မရှိသည့်အပြင် နောက်ပြန်ဆုတ်သည့် လက္ခဏာဟုပင် ပြော၍ရကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

June 21, 2018














Copy Protected by Chetan's WP-Copyprotect.