လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ယခင်နှစ်ထက် လျော့ကျသော်လည်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိ

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ယခင်နှစ်ထက် လျော့ကျသော်လည်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိ
Published 22 June 2018

၂၀၁၈ခုနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူထက် လျော့ကျနေသော်လည်း မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုမှာမူ ယခင်နှစ်ထက် မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကျပေမယ့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက မကျဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန်လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၆ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၈၅၁ ဒသမ ၉၃၂ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၁၉၆၀ ဒသမ ၈၂၁ သန်း စီးဝင်ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁၂၇ ဒသမ ၄၈၀ သန်းခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၂၀၈၈ ဒသမ ၃၀၁ သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခု၊ ဒေါ်လာ ၂၄၄ သန်းကျော် အပါအဝင် ကျပ် ၅၀၁၇၃၇ ဒသမ ၄၆၃ သန်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ကြားကာလခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာတွင် ဧပြီနှင့်မေနှစ်လအတွင်း သီလဝါအထူး စီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၁၉၃ ဒသမ ၃၅၆ သန်းအထိ ဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာနှစ်ဘီလျံကျော်ဝင် ရောက်ထားသော်လည်း ၂၀၁၈ ခုနှစ် မေလအထိတွင်မူ ဒေါ်လာ ၁၉၃ သန်းကျော်သာ ဝင်ရောက်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကြားကာလခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာတွင် ဧပြီနှင့်မေနှစ်လအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၄ ခုမှ ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၉ သန်း အပါအဝင် ကျပ် ၆၆၇ ဘီလျံကျော်အထိ ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလ ခြောက်လအတွင်း မေလအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၄ ခု၊ ဒေါ်လာ ၁၁၈ ဒသမ ၃၂၈ သန်း အပါအဝင် ကျပ် ၆၅၈၇၇၉ ဒသမ ၅၉၉ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁၁၉ ဒသမ ၄၇၆ သန်း အပါအဝင်ကျပ် ၆၆၇၈၇၀ ဒသမ ၅၉၉ သန်း ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent