၂၁ ပင်လုံညီလာခံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ဖိတ်ကြားမည်ဖြစ်သော်လည်း အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားရန် မသေချာသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

၂၁ ပင်လုံညီလာခံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ဖိတ်ကြားမည်ဖြစ်သော်လည်း အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားရန် မသေချာသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 22 June 2018

၂၁ ရာပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေး အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့ ကြိုတင်ဆွေးနွေးပွဲ ပြုလုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

၂၁ ပင်လုံညီလာခံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ဖိတ်ကြားမည်ဖြစ်သော်လည်း အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားရန် မသေချာသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇွန် ၁၉ ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့များမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းပပြီး ရလဒ်များ အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်သည့် ဆွေးနွေးပွဲ တတိယနေ့ဖြစ်သည့် ဇွန် ၂၁ ရက်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များအား အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“NCA ရေးမထိုးထားတဲ့အဖွဲ့တွေဆိုရင် အရင်ဆွေးနွေးဖက် KNPP တို့တော့ ဖိတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ပြန်ဆွေးနွေးရဦးမယ်။ မူလအတိုင်းတော့ ဖိတ်ကြားဖို့မှန်းတယ်။ သို့သော် နှစ်ဦးနှစ်ဖက် သဘောထားတွေကို ပြန်ညှိနှိုင်းပြီး ဖိတ်မှာဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဖိတ်မယ်။ သို့သော် အကုန်လုံးပါမပါ ပြန်ညှိရဦးမယ်။ ဒါနဲ့ပတ်သက်လို့ မူမကျသေးဘူး။ မြောက်ပိုင်းအဖွဲ့တွေကို ပုံမှန်အားဖြင့်တော့ ဖိတ်တယ်။ သို့သော် အကုန်လုံး ဖိတ်မလားတော့ မသိသေးဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တတိယအကြိမ် ပင်လုံညီလာခံအား ဇူလိုင်လ ဒုတိယပတ်အတွင်း ကျင်းပရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရဘက်သို့ အကြမ်းဖျင်းတင်ပြထားပြီး တပ်မတော်ဘက်မှ တပ်တော်အကြီးအကဲများ တက်ရောက်နိုင်မှု အနေအထားကို မေးမြန်းထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ဇူလိုင်လလယ်တွင် ပြုလုပ်ရန် အပါအဝင် ဆက်စပ်အစည်းအဝေးများ ပြုလုပ်မည့် အဆိုပြုရက်များကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဇွန် ၁၂ ရက်တွင် တရားဝင်စာဖြင့် ပေးပို့ထားသည့်အပြင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးကဏ္ဍ အလွတ်သဘော အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ထားသည်။

“အဲဒါတွေ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ ပြေလည်တဲ့ရက်ပေါ့။ အဲဒီကာလဖြစ်မယ်လို့တော့မှန်းတယ်။ ဇူလိုင်ဒုတိယအပတ်မှာတော့ ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေး ကျင်းပနိုင်မယ်လို့ မှန်းထားတယ်။ ရက်အတိအကျကတော့ လူကြီးတွေရဲ့ တက်ရောက်နိုင်မှုအပေါ် ပြန်ညှိမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစု အဖွဲ့များမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီး ရလဒ်များ အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ကဏ္ဍငါးခုအနက် လေးခုကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးဇော်ဌေးက “လုံခြုံရေးကဏ္ဍက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့မူပေါ့။ မပြတ်သေးဘူး။ အကြမ်းဖျင်းကတော့ ကိုယ့်ဘက်မှာ ဘယ်လိုဟာမျိုးတွေ ဆွေးနွေးနိုင်မလဲ စုစည်းချက် သဘောမျိုးနဲ့ ဆွေးနွေးတယ်ပေါ့” ဟု ပြောကြားသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ဒုတိယအကြိမ် ညီလာခံက သဘောတူညီမှုမရှိခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စအား ဆွေးနွေးမည်မဟုတ်ဘဲ ညီလာခံပြီးမှသာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကျေအလည် ဆွေးနွေးရန် အလွတ်သဘော အစည်းအဝေးများတွင် သဘောတူထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

လာမည့် ဇွန် ၂၅ ရက်တွင် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိ လုပ်ငန်းကော်မတီ အစည်းအဝေးအား MICC-2 တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent