ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအမှု ဇွန် ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်

ငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးနံဘေး၌ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင်နှစ်ဦးအမှု ဇွန် ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်
Published 22 June 2018

ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့အား ဇွန် ၂၁ ရက်က အောင်မြေသာစံ မြို့နယ်တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်စဉ်

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံများကို လွှတ်ပေးရေး အပါအဝင် စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် မန္တလေးကျုံးနံဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဗကသအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ဇွန် ၂၁ ရက်က အောင်မြေသာစံ မြို့နယ်တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ တရားလိုပြနောက်ဆုံးသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံရသူနှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ကာ အမှုကို ဇွန် ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောင်မြသာစံမြို့နယ်တရားရုံးမှ စုံစမ်းသိရသည်။

အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဗကသအဖွဲ့ဝင် နှစ်ဦးအမှုကို ဇွန် ၂၁ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာတွင် နောက်ဆုံးကျန်ရှိနေသည့် တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံထားရသူများအား ဆက်လက် စစ်ဆေးခဲ့ရာ စွပ်စွဲခံထားရသူများက တရားရုံးအား သပိတ်မှောက်ဆန့်ကျင်မှု ပြုလုပ်ထားသဖြင့် တွဲဖက် မြို့နယ်တရားသူကြီး၏ မေးခွန်းမေးမြန်း စစ်ဆေးမှုကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

စွပ်စွဲခံထားရသူ ဗကသ အဖွဲ့ဝင်နှစ်ဦးတို့ကို အောင်မြေသာစံမြို့နယ် တွဲဖက်တရားသူကြီး(၂)က စစ်ဆေးခဲ့ရာ စွပ်စွဲခံထားရသူ နှစ်ဦးအနက် ဗကသ အဖွဲ့ဝင် ကျောင်းသား ကိုနှင်းအောင်မှာ ယခင် ၂၀၁၇ ခုနှစ်က ချမ်းအေးသာစံ မြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည့် ပြစ်မှုဟောင်း ကျန်ရှိနေမှုအပေါ် မေးခွန်းမေးမြန်းမှု ပြုလုပ်ခဲ့ပြီး အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်ဒဏ်တိုးမြှင့် ချမှတ်နိုင်ကြောင်း တရားခွင်၌ ပြောကြားသည်။

“ကျွန်တော့်ကို ဒီနေ့ တရားခွင်အတွင်းမှာ တရားသူကြီးကနေပြီးတော့ ယခင်က ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်ချက်ဟောင်းဆိုပြီး နောက်အမှုဆိုတဲ့ အနေအထားတစ်ခုနဲ့ ထပ်ကပ်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ ပုဒ်မ ၄၀၁ (ကျင့်) အရ သမ္မတကနေ ဖျက်သိမ်းပြီလို့ ကြေညာထားသော်လည်း ဒီပုဒ်မကိုပြန်လည် အသက်သွင်းဖို့ ကြိုးစားသလို ဖြစ်နေတယ်လို့ ပြောချင်တယ်။ ဒါဟာ နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖို့အတွက် ရှေ့မှာမင်းတို့ ပြစ်ဒဏ်ရှိခဲ့တယ်ဆိုရင် နောက်ထပ်မင်းတို့ပြစ်ဒဏ်ထပ်တိုးပြီး ကျခံရနိုင်တယ်ဆိုပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်တာပဲဖြစ်တယ်။ ဒီလိုမျိုး လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ပါတယ်” ဟု ဗကသ ကျောင်းသား ကိုနှင်းအောင်က ဆိုသည်။

ထို့ပြင် ဗကသအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသန်းထိုက်က “ကျွန်တော်တို့ကို တရားသူကြီးက မေးနေတာတွေက ကျွန်တော် နားလည်သလိုပြောရရင် လွတ်လပ်စွာ စီတန်းလှည့်လည် ဟောပြောခွင့်ဆိုတဲ့ လူထုရပိုင်ခွင့်ကို အတင်းအဓမ္မလုယူထားတဲ့ ပုံစံဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ လူထုရဲ့ ရပိုင်ခွင့်ကို ဘာလုပ်ချင်နေတာလဲလို့ မေးခွန်းထုတ်ရမှာဖြစ်တယ်” ဟု ပြောကြားသည်။

စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မန္တလေးမြို့ မြို့တော်ခန်းမရှေ့ရှိ ကျုံးနံဘေးတွင် မေ ၈ ရက် ညက ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့မှုနှင့် ပတ်သက်၍ ဗကသ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို မေ ၁၂ ရက်က ဒိုင်းမွန်းပလာဇာရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ဲ့ပြီးနောက် အမှုနှင့်ပတ်သက်၍ မေ ၁၄ ရက်တွင် အောင်မြေသာစံ မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အမှုကို မေ ၂၅ ရက် သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုရဲမှူးနှင့် တရားလိုပြ သက်သေနှစ်ဦးကို စတင်စစ်ဆေးခဲ့ပြီး ဇွန် ၂၁ ရက် ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် နောက်ဆုံးကျန်ရှိနေသည့် တရားလို ပြသက်သေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံထားရသူနှစ်ဦးတို့ကို ဆက်လက်စစ်ဆေးခဲ့ပြီး အမှုကို အပြီးသတ် အမိန့်ချမှတ်ရန် အတွက် ဇွန် ၂၇ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ မှာ အာမခံပေးပိုင်ခွင့်ရှိသည့် ပုဒ်မဖြစ်သော်လည်း ဖမ်းဆီးခံခဲ့ရသူနှစ်ဦးက အာမခံရယူခြင်း၊ ခံဝန်ပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

Most Read

Most Recent