ထိုင်းရှိ မြန်မာလုပ်သားများ ဇွန်လကုန်အမီ အထောက်အထား လက်မှတ် CI ကတ်များ ပြုလုပ်ကြရန် ဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းရှိ မြန်မာလုပ်သားများ ဇွန်လကုန်အမီ အထောက်အထား လက်မှတ် CI ကတ်များ ပြုလုပ်ကြရန် ဝန်ကြီးဌာန ထုတ်ပြန်
Published 22 June 2018

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလုပ်သားများ အနေဖြင့် ဇွန်လကုန်အမီ အထောက်အထားလက်မှတ် CI ကတ်များ ပြုလုပ်ကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇွန် ၂၀ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

ထိုင်းအစိုးရအနေဖြင့် အလုပ်သမားများ နိုင်ငံသားစိစစ်ရေးနှင့် လိုအပ်သော အထောက်အထားများ ရရှိအောင် ဆောင်ရွက်ရန် နောက်ဆုံးကာလအား ယခင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးခဲ့သည်။ ယင်းအပြင် ထိုင်းအစိုးရက အထောက်အထားများ ပြုလုပ်ရန် ဇွန်လကုန်အထိ နောက်ဆုံးသက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရ၏ သတ်မှတ်ကာလ ဇွန် ၃၀ ရက်ပြည့်ပြီးသည့် နောက်ပိုင်းတွင် နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှု ဥပဒေအတိုင်း စတင်ကျင့်သုံးမည်ဖြစ်၍ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ (နိုင်ငံကူးလက်မှတ် သို့မဟုတ် CI အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit၊ နေထိုင်ခွင့်ဗီဇာ Visa) ရရှိထားခြင်း မရှိသေးသူများ အနေဖြင့် ဇွန် ၃၀ ရက်မတိုင်မီ အထောက်အထားများ အမြန်ဆုံးရရှိနိုင်ရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထိုင်းနိုင်ငံအတွင်း CI ထုတ်ပေးရေး လုပ်ငန်းစဉ်ကို Mitr Maitri Road၊ Din Daeng၊ Bangkok ရှိ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် စမုစခွန် (မဟာချိုင်) ထလေငါးဈေးအနီးတွင် Moblie ယာဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်၊ နေထိုင်ခွင့်ဗီဇာ တစ်ပါတည်း ရယူနိုင်ရေး လုပ်ဆောင်ပေးလျက် ရှိသည်။

Most Read