၂၀၁၆ ခုနှစ် ငါးခူရနယ်ခြားစောင့်ရဲစခန်း အကြမ်းဖက်မှုုဖြစ်စဉ်နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူ ရှိုင်းဆောက်လုပ်ရေး ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း (ခေါ်) ဇော်ကီးအာမတ်ကို မောင်တောခရိုင်တရားရုံးမှ တရားရှင်လွှတ်

၂၀၁၆ ခုနှစ် ငါးခူရနယ်ခြားစောင့်ရဲစခန်း အကြမ်းဖက်မှုုဖြစ်စဉ်နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူ ရှိုင်းဆောက်လုပ်ရေး ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း (ခေါ်) ဇော်ကီးအာမတ်ကို မောင်တောခရိုင်တရားရုံးမှ တရားရှင်လွှတ်
Published 21 June 2018

ဓာတ်ပုံ - ရဲဇာနည် Facebook

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ငါးခူရ နယ်ခြားစောင့်ရဲစခန်း အကြမ်းဖက်မှုု ဖြစ်စဉ်မှ လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောခရိုင်တရားရုံးမှ ဇွန်လ ၂၀ ရက်နေ့က တရားရှင် လွှတ်ပေးလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောကြားသည်။

ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်အား ရာဇဝတ်မှု အမှတ် ၃၅/ ၂၀၁၈ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၀၂/၃၃၃/၃၂၆/၃၄ တို့နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်က ငါးခူရစခန်း တိုက်ခိုက်ခံရမှုနဲ့ သူ့ကို ၃၀၂/၃၃၃/၃၂၆/၃၄ တို့နဲ့ တရားစွဲပါတယ်။ တရားစွဲတဲ့ထဲမှာ ၂၀၁၆ ခုနှစ်ကတော့ တရားခံ ၄၅ ဦးကို စွဲပြီးပါပြီ။ အဲဒီထဲမှာ ၄ ဦး သေဒဏ်ကျပါတယ်။ တခြားသူတွေကတော့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ အသီးသီးကျပါတယ်။ အဲဒီအထဲမှာ တရားခံပြေးက အကုန်လုံး ၂၀၀ ကျော်လောက်ပါတယ်။ အဲဒီအထဲမှာ ဦးအောင်ဇော်ဝင်းလည်းပါတယ်။ အခု ဦးအောင်ဇော်ဝင်း အမှုမှာ သက်သေ ၂၁ ဦးကို စစ်ဆေပြီးတဲ့အခါမှာ သူ့ကို စွဲချက်တင်နိုင်လောက်တဲ့ ငြိစွန်းမှု မရှိဘူး ဆိုပြီးတော့ ကျင့်ထုံး ပုဒ်မ ၂၅၃ (၁) အရ တရားရှင် လွှတ်လိုက်တာပါ” ဟု တရားရှင် လွှတ်ပေးလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောကြားသည်။

မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ထိုင်းလေကြောင်း TG ဖြင့် ဘန်ကောက်သို့ ထွက်ခွာရန် ရောက်ရှိလာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့အား မောင်တောသို့ လွဲပြောင်းကာ သူ့အမှုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ) ဇော်ကီးအာမတ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ငါးခူရ နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှုတွင် အကြမ်းဖက်သမားများကို အားပေးအားမြောက် လုပ်သည် ဟုဆိုကာ ဒုရဲမှူးထွန်ထွန်းစိုးမှ တစ်ခြားဘင်္ဂလီလူမျိုး ၄၅ ဦးနှင့်အတူ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent