ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် NLD ရပ်ကျေးဒုဥက္ကဋ္ဌအား ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့သည့်အမှုမှာ အမှုဆင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ သတင်းစာရှင်းလင်း

ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် NLD ရပ်ကျေးဒုဥက္ကဋ္ဌအား ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့သည့်အမှုမှာ အမှုဆင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ သတင်းစာရှင်းလင်း
Published 21 June 2018

ပင်လည်ဘူးမြို့နယ် နောင်မူးကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးအမှုဖြင့် NLD ရပ်ကျေးဒုဥက္ကဋ္ဌဖြစ်သူကို ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့သည့်အမှုမှာ အမှုဆင်ဖမ်းဆီးခံခဲ့ရခြင်းသာဖြစ်ပြီး အမှန်တကယ် လက်ဝယ်ထားရှိ သုံးစွဲခဲ့ခြင်းမရှိကြောင်း ကာယကံရှင်၏ မိသားစုဝင်များက ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက မမန္တလေးမြို့ရှိ မီဒီယာစင်တာတွင် သတင်းစာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် နောင်မူးကျေးရွာအုပ်စုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက NLD ရပ်ကျေးဒုဥက္ကဋ္ဌ၏နေအိမ်မှ ပင်နီဆီလင် ပုလင်းနှစ်လုံးအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း၊ ထိုသို့တွေ့ရှိခဲ့မှုမှာ NLD ရပ်ကျေးဒုဥက္ကဋ္ဌအနေဖြင့် သိရှိခဲ့ခြင်းမရှိသည့်အပြင် ၎င်းမှာ ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက် ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းလုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဒေသခံ ရွာသားတစ်ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့မှုအပေါ် ဒေသခံအချို့က ကျေနပ်မှုမရှိသဖြင့် NLD ရပ်ကျေးဒုဥက္ကဋ္ဌ နေအိမ်အတွင်းသို့ မူးယစ်ဆေးဝါးများ တိတ်တဆိတ် သွားရောက်ထားရှိခဲ့ရာမှ ယခုကဲ့သို့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ရှင်းလင်းပြောကြားခဲ့သည်။

“သူက ဒေသတွင်းမှာ ဖွဲ့စည်းထားတဲ့ မိုးသောက်ကြယ် မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ နေအိမ်အတွင်းက တွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးဟာ သူသုံးစွဲတဲ့ မူးယစ်ဆေးဝါး မဟုတ်ပါဘူး။ ဒေသခံတစ်ဦးက သူမူးယစ်ဆေးဝါးတွေ ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ညပိုင်းအချိန်မှာ သူ့အိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး မူးယစ်ဆေးဝါးတွေကို မြှုပ်နှံခဲ့တာပါ။ အဲဒီလို မြှုပ်နှံထားတဲ့ မူးယစ်ဆေးဝါးတွေကို နောင်မူးရွာသူ ဒေါ်မာရွှေကနေ ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ သူ့ကို ဖုန်းဆက်စေခိုင်းသူက ဒေသတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူလို့ နာမည်ကြီးနေတဲ့ ဇော်လင်းဆိုသူက လုပ်ဆောင်ခိုင်းတယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိအောင် ဆက်ပြီး လုပ်ဆောင်သွားမှာပါ” ဟု နောင်မူးကျေးရွာ NLD ပါတီရပ်ကျေး အလုပ်အမှုဆောင် ဦးသိန်းစိုးက ဆိုသည်။

“ဦးကံရကို မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျအောင် အမှုဆင်ခိုင်းတာက မူးယစ်ဆေးဝါးရောင်းချနေတဲ့ ကိုဇော်ဝင်းကနေ စေခိုင်းတဲ့အတွက် ကျွန်မအနေနဲ့ ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး သူ့အိမ်မှာ မူးယစ်ဆေးဝါးတွေ မြှုပ်ထားတယ်ဆိုပြီး လုပ်ခဲ့မိပါတယ်။ အဲဒီလို လုပ်ရတာကလည်း ကျွန်မအမျိုးသားကို သူတို့မူးယစ်ဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် မကျေနပ်တာကြောင့် လုပ်ဆောင်မိခဲ့တာပါ။ နောက်ကျတော့ ကျွန်မ ပြန်စဉ်းစားမိတာက သူဟာအပြစ်မရှိသူဖြစ်တဲ့အတွက် သက်ဆိုင်ရာကို ဖွင့်ပြောပြခဲ့ပါတယ်” ဟု NLD ရပ်ကျေးဒုဥက္ကဋ္ဌဦးကံရကို မူးယစ်အမှုဖြင့် အမှုဆင်ခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့သူ ဒေါ်မာရွှေက ဆိုသည်။

အဆိုပါ NLD ရပ်ကျေးဒုဥက္ကဋ္ဌကို မူးယစ်မှုဖြင့် အမှုဆင်ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် မိသားစုဝင်များက ခရိုင်တရားရုံးသို့ အယူခံတက်သွားမည်ဖြစ်ကာ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ပါတီထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

Most Read

Most Recent