နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး ဆွေးနွေး
Published 21 June 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့သည် ဇွန် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ထပ်မံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှု၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသော အသိုက်အဝန်းများနှင့် တွေ့ဆုံရာမှ ယေဘုယျ လေ့လာတွေ့ရှိချက်များကို ပြန်လည် တင်ပြခဲ့ပြီး ရှင်းလင်း တင်ပြမှုများတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အပါအဝင် မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စ၏ သိမ်မွေ့နက်နဲ ရှုပ်ထွေးမှုတို့အပေါ် အသိအမှတ်ပြုခဲ့ပြီး၊ အသိုက်အဝန်းများအကြား သဘောထားကြီးမားစွာ ကွဲလွဲနေမှုကြောင့် ပြန်လည်သင့်မြတ်ရေး အပါအဝင် နေရပ်စွန့်ခွာသူများ ပြန်လာရေးအတွက် သင့်လျော် ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်နေမှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေး လိုအပ်နေမှုတို့နှင့် UNDP၊ UNHCR တို့နှင့် လက်မှတ်ရေးထိုးခဲ့သော MoU ကို ဆောလျင်စွာ အကောင်အထည်ဖော်ရေးတို့ကို ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ARSA ၏ အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လွန်စွာဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာနိုင်မှု မရှိခြင်းမှာ လုံခြုံရေး အခြေအနေအရ စိုးရိမ်သဖြင့် မသွားရဲကြခြင်းသာဖြစ်ကြောင်း၊ ယင်းအတွက် ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပမှ အမုန်းပွားစေသော သဘောထားအမြင်များက အသိုင်းအဝိုင်းနှစ်ခုအကြား ပိုမိုကွဲပြားမှုများ ဖြစ်စေလျက်ရှိကြောင်း၊ ထို့ကြောင့် ပြဿနာအား ရှေ့ဆက်လက်၍ မည်သို့ဖြေရှင်းမည်ကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အသိုက်အဝန်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် သည်းခံမှုဖြင့် အချိန်ယူ ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုလည်း လိုအပ်ကြောင်း၊ အသိုက်အဝန်းများအကြား မသင့်မြတ်မှုများမှာ ရှေးယခင်ကပင် တည်ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အသိုက်အဝန်းများအကြား မသင့်မြတ်မှုများ အလွန်ဆိုးရွားသည့် အခြေအနေများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent