ကျူးကျော်ပြဿနာ ဖြေရှင်းရာတွင် အစိုးရတစ်ဖွဲ့တည်းမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန်အပါအဝင် အချက်ခြောက်ချက်အား ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ကျူးကျော်ပြဿနာ ဖြေရှင်းရာတွင် အစိုးရတစ်ဖွဲ့တည်းမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန်အပါအဝင် အချက်ခြောက်ချက်အား ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Published 21 June 2018

ရန်ကုန်မြို့စက်မှုဇုန်ရှိ ကျူးကျော်နေအိမ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျူးကျော်ပြဿနာများဖြေရှင်းရာတွင် အစိုးရတစ်ဖွဲ့တည်းမဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များပူးပေါင်း ဆောင်ရွက်ရန်အပါအဝင် အချက်ခြောက်ချက်အား တိုင်းအစိုးရအဖွဲ့သို့တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီက Orchid Hotel တွင် ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဝန်ကြီးဒေါ်နီလာကျော်က စက်မှုဇုန်များ အဆင့်မြှင့်တင်ရန်၊ စက်မှုဇုန်များတွင် ကျူးကျော်များရှင်းလင်းမည်ဟု ဖြေကြားမှုအပေါ် လှိုင်သာယာမြို့နယ် စက်မှုဇုန်များအတွင်း ကျူးကျော်နေထိုင်သည့် ပြည်သူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်ပြောကြား သွားတဲ့သတင်းကိုရလို့ ဒီပွဲကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျူးမှာညစ်ပတ်တာတို့၊ ရေမြောင်း ပိတ်ဆို့တာတို့ မဟုတ်ပါဘူးဆိုတာကို ပြောကြားချင်တာပါ။ ကျွန်တော်တို့ လှိုင်သာယာနဲ့မဝေးကွာတဲ့ နေရာမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က မရှိဆင်းရဲသားတွေဆိုတော့ ဒီစက်ရုံတွေမှာ အလုပ်လုပ်နေကြတာပါ။ ရေလှည်းတွန်းတဲ့သူက တွန်းတယ်။ ဆိုက်ကားနင်းတဲ့သူက နင်းတော့အလုပ်ဖြစ်ပါတယ်။ တကယ်ဝေးကွာသွားတဲ့နေရာတွေကို ပို့လိုက်မယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုမှ လုပ်ကိုင်စားလို့ မရတော့ဘူး။ ဒါကြောင့် နီးတဲ့နေရာလေးကို ချပေးဖို့ ကျွန်တော်တို့က တောင်းဆိုတာပါ။ မဖြစ်နိုင်တာကိုတော့ မတောင်းဆိုပါဘူး။ ဖြစ်နိုင်တာကိုပဲ တောင်းဆိုတာပါ။ တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းတိုင်ပင်ဆွေးနွေးဖို့ ကျွန်တော်တို့ အလုပ်တွေနဲ့ အဆင်ပြေမယ်ဆိုရင်တော့ လက်ခံမှာပါ” ဟု လှိုင်သာယာမြို့တွင် ကျူးကျော်နေထိုင်သူ ဦးမြသန်းက ပြောကြားသည်။

သတင်းစာရှင်းပွဲတွင် စက်မှုဇုန်အတွင်း နေထိုင်သော ကျူးကျော်နေထိုင်သည့် ပြည်သူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအား အကြမ်းဖက်နှင်ထုတ်ခြင်းမပြုလုပ်ရန်၊ လက်ရှိနေရာတွင် အဆင့်မြင့်နေထိုင်ခြင်းအား ဦးစားပေးစဉ်းစားပေးရန်၊ ပြောင်းရွှေ့မည်ဆိုပါကလည်း လက်ရှိနေရာနှင့် အနီးဆုံးနေရာတွင်သာ နေရာချထားပေးရန်၊ အစိုးရအနေဖြင့် ကျူးကျော်ပြဿနာအား ဖြေရှင်းသည့်အခါ အစိုးရတစ်ဖွဲ့တည်း ဖြေရှင်းခြင်းမဟုတ်ဘဲ အစိုးရအပါအဝင်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ စသူများနှင့် ပူးပေါင်းပြီး ပူးတွဲကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကျူးကျော်ပြဿနာအား အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ အစိုးရအနေဖြင့် မြို့ပြဆင်းရဲသားများအတွက် အိမ်ရာရန်ပုံငွေတစ်ရပ်ထားရှိပေးရန်၊ အစိုးရအနေဖြင့် မိမိတို့လမ်းများတွင် အမှိုက်သိမ်းဝန်ဆောင်မှုပေးရန်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြသည်။

“ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကျူးကျော်ပြဿနာကို ဖြေရှင်းမယ်ဆိုပြီးတော့ စစဉ်းစားတာရော၊ လုပ်ဆောင်နေတာတွေရော ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်တာက လူထုပူးပေါင်းပါဝင်ခွင့်မရတဲ့ စီမံကိန်းတွေက ကျဆုံးစမြဲပဲ သူတို့ပဲသိတယ်။ သူတို့ပဲ တတ်တယ်ဆိုပြီး ဖြေရှင်းရင်တော့ ဒီစီမံကိန်းက အောင်မြင်ဖို့ ခက်ပါတယ်။ ရေတိုပဲအောင်မြင်မယ်။ ရေရှည် မအောင်မြင်နိုင်ဘူး။ ကျွန်တော်အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀ လောက် သူတို့စဉ်းစားပုံ စဉ်းစားနည်းအတိုင်းဖြေရှင်းခဲ့တာ မအောင်မြင်ဘူး။ နောက်ဆုံးအစိုးရက ရပ်ရွာလူထုနဲ့ပူးပေါင်းပြီး အဖြေရှာတဲ့နည်းကို သုံးလိုက်မှပဲ သူတို့အောင်မြင်လာတာကို တွေ့ရပါတယ်” ဟု ကျူးကျော်နေထိုင်မှုများအတွက် ဆောင်ရွက်ပေးနေသည့် ဗေဒါလူမှုအဖွဲ့အစည်းမှ ဦးစောကဲဇာက ပြောကြားသည်။

မေ ၃၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာစက်မှုဇုန်များသည် လက်ရှိတွင် လည်ပတ်နေသော စက်ရုံအရေအတွက်နှင့် အလုပ်သမားဦးရေမှာ အခြားဇုန်များနှင့်နှိုင်းယှဉ်လျှင် များပြားပြီး၊ လမ်းများအခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးနေခြင်းမရှိသော်လည်း ကျူးကျော်များပြားခြင်းသည် အဓိကပြဿနာ ဖြစ်နေခြင်းနှင့် ထိုသို့ကျူးကျော်တဲများပြားစွာ ရှိနေခြင်းကြောင့် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန်အခက်အခဲများရှိနေကြောင်း ဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent