တောင်ဥက္ကလာပမြို့နယ် အလှပြင်ဆိုင်လုပ်ငန်းမှ တရုတ်ပြည့်တန်ဆာ ၁၇ ဦးနှင့် ဆိုင်ဝန်ထမ်းများအား ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်

တောင်ဥက္ကလာပမြို့နယ် အလှပြင်ဆိုင်လုပ်ငန်းမှ တရုတ်ပြည့်တန်ဆာ ၁၇ ဦးနှင့် ဆိုင်ဝန်ထမ်းများအား ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်
Published 21 June 2018

တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက်ရှိ အလှပြင်ဆိုင်လုပ်ငန်းတစ်ခုမှ  ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသူ ၁၇ ဦး၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများအား ပြည့်တန်ဆာဥပဒေများဖြင့် အရေးယူထားမှု တောင်ဥက္ကလာပမြို့နယ် တရားရုံး၌  ဇွန် ၂၀ ရက် နံနက် ၁၀ နာရီတွင်  ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။ အဆိုပါ ရုံးချိန်းတွင် တရားလိုဖြစ်သူ တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်အား ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းအား ဇူလိုင် ၄ ရက်သို့ ချိန်းဆိုခဲ့ပြီး  ကျန်လိုပြသက်သေများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ အလှပြင်ဆိုင်ပိုင်ရှင် မစ္စတာဝမ် (ခေါ်) ဝမ်ဖင်မှာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

“ဆိုင်ရှင်ကို မမိသေးပါဘူး။ ဆိုင်ရှင်ကို စုံစမ်းတုန်းပါ။ သက်ဆိုင်ရာလေဆိပ်တွေကို အကြောင်းကြားထားတယ်။ နောက်ပြီး နယ်စပ်ဂိတ်တွေကို အကြောင်းကြားထားပါတယ်။ ရဲစခန်းတွေ အားလုံးကို သူ့ရဲ့ဓာတ်ပုံတွေ အားလုံးဖြန့်ထားပေးထားပြီး အကြောင်းကြားထားပါတယ်။ တရားခံကို တရားခံပြေး ကြေညာဖို့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ လေဆိပ်မှတ်တမ်းကြည့်တာတော့ ထွက်သွားတာ မတွေ့သေးဘူး။ နယ်စပ်ဂိတ်တွေက ထွက်သွားရင်တော့ မပြောတတ်ပါဘူး။ တရုတ်နိုင်ငံသူ ၁၇ ဦးကို လ.ဝ.က အမှုနဲ့ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုနဲ့ ဆက်တရားစွဲဖို့ ရှိပါတယ်ခင်ဗျ။ ဥပဒေအကြံတော့ တင်ထားပါတယ်။ ဥပဒေအကြံ ပြန်ကျပြီးမှ လ.ဝ.က ဥပဒေနဲ့ ဆက်စွဲမှာပါ။ ပုဒ်မက လ.ဝ.က ဥပဒေ ၄၂/ ၁၃(၁) ပါ။ တရုတ်နိုင်ငံသူ ၁၇ ဦးနဲ့ တရုတ်နိုင်ငံသား နှစ်ဦး အားလုံး ၁၉ ဦးပါ၊ သူတို့ဗီဇာက စီးပွားရေးဗီဇာလေ။ လုပ်တာက တခြား လုပ်ငန်းပေါ့နော်။ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ လ.ဝ.က ကနေ အမှုဖွင့်ထားပါတယ်။ တရားစွဲဖို့အတွက် ဥပဒေရုံးမှာ အကြံတောင်းတင်ထားပါတယ်” ဟု တောင်ဥက္ကလာပမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးရွှေဌေးက ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်  အလှပြင်ဆိုင် လုပ်ငန်းမှဖမ်းမိသည့် တရုတ်ပြည့်တန်ဆာ လီထင်ပါ ၁၇ ဦးအတွက်  ပြည့်တန်ဆာနှိပ်ကွပ် ရေးဥပဒေ ၃(က)၊ (ခ) ဖြင့်လည်းကောင်း ၊ ဆိုင်ဝန်ထမ်းများဖြစ်သည့် ဖုန်အန်သင်းပါ ၁၁ ဦးအား  ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ၅(၁) ဖြင့်လည်းကောင်း  တရားလိုတိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်က တရားစွဲဆိုခဲ့သည်။

မေ ၂၂ ရက်တွင် တောင်ဥက္ကလာပမြို့ နယ် (၈) ရပ်ကွက်ရှိ Oriental Spa အမည်ရှိသည့် လိုင်စင်မရှိသော အလှပြင်ဆိုင်လုပ်ငန်းတစ်ခုကို သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ရာတွင်  ပြည့်တန်ဆာဟုဆိုသည့် တရုတ်နိုင်ငံသူ ၁၇ ဦး၊ တရုတ်နိုင်ငံ ဟူပိန်ပြည်နယ်နေ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမရှိသော တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ Peng An Ting ၊ အသက် (၃၉ နှစ်)နှင့်အတူ တရုတ်နိုင်ငံသားနှစ်ဦး၊ ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦး အပါအဝင် အခြားသော ဆိုင်ဝန်ထမ်းအမျိုးသားသုံးဦးနှင့် အမျိုးသမီးငါးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent