ရန်ကုန်မြို့တွင်စစ်ဆေးနေသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပါဝင်ပတ်သက်သူများ၏ အမှုများကို နေပြည်တော်တွင် တစ်ပေါင်းတည်းစစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ

ရန်ကုန်မြို့တွင်စစ်ဆေးနေသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပါဝင်ပတ်သက်သူများ၏ အမှုများကို နေပြည်တော်တွင် တစ်ပေါင်းတည်းစစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ
Published 21 June 2018

ရန်ကုန်မြို့တွင် စစ်ဆေးနေသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပါဝင်ပတ်သက်သူများ၏ အမှုများကို နေပြည်တော်တွင် တစ်ပေါင်းတည်းစစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက် သူများကို ဇွန် ၂၀ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ ချုပ်ရက်ရမန်ယူရန် ရုံးထုတ်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သက်ဆိုင်ရာတရားရုံးသို့ အမိန့်ပြန်ကျလာသည့်အတွက် နေပြည်တော်တွင် တစ်ပေါင်းတည်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း ဒက္ခိဏခရိုင်တရားသူကြီးက တရားခွင်၌ ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ပါဝင်ပတ်သက်သူများအား ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုရှိပြီး အရှေ့ပိုင်း ခရိုင်တရားရုံး၌ စွဲဆိုထားသည့် နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည့် မူးယစ်မှု နှစ်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ လက်နက်ဥပဒေ နှစ်မှု၊ သာကေတမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် လက်နက်ဥပဒေနှစ်မှု၊ မူးယစ်ဆေးဝါးမှု၊ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုတို့ကို နေပြည်တော်တွင် တစ်ပေါင်းတည်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပါဝင်ပတ်သက် သူများ၏အမှုတွဲများနှင့် စစ်ဆေးချက်များ ကြည့်ရှုရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီ ၁၉ ရက်တွင် ၂၀၁၈ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၅ ဖြင့် အမှုဖွင့် တောင်းယူခဲ့ပြီးနောက် နှစ်လအကြာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခုလို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှုတွဲများနှင့်စစ်ဆေးချက်များ တောင်းယူခဲ့သည့် ကာလအတွင်း ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုများကို စစ်ဆေးခြင်းမရှိဘဲ အပတ်စဉ် ချုပ်ရမန်ယူရန်အတွက်သာ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ဇွန် ၂၇ ရက် ရုံးချိန်းတွင် နေပြည်တော်၌ စွဲဆိုထားသည့်အမှုများကို ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် တရားစွဲဆိုခဲ့သည့် အမှုများနှင့်ပတ်သက်၍ သက်သေအားလုံးစုံမှသာ စစ်ဆေးမည်ဖြစ်ကြောင်း ဒက္ခိဏခရိုင်တရားသူကြီးက တရားခွင်၌ ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပါဝင်ပတ်သက် သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရဲစခန်းများက လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅။၁၆(ဂ)။ ၂၀၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉-က။ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)။၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉(စ)/၁၉ (က) နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဦးဆုံးရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်းတစ်ဦးတည်းအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက်တရားစွဲဆိုခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆ (၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ mပုဒ်မ ၆ (၃) ဖြင့် ဇန်နဝါရီ ၁၀ ရက်တတိယအကြိမ် ရုံးထုတ်တွင် ဆက်လက်တရားစွဲတင်ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇသတ်ကြီးမှုပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှု ပုဒ်မနှစ်ခု စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်ထားရာ ဆက်သွယ်ရေး ဥပဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်အက်ဥပ  ဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ ၂၄ ရက် ခြောက်ကြိမ်မြောက်ရုံးတွင် ဒက္ခိဏ ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent