ပြည်သူများအနေဖြင့် ရွေးကောက်ပွဲများတွင် မဲပေးဖူးသော်လည်း လွှတ်တော်နှင့် ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို သိရှိမှုနှင့်စိတ်ဝင်စားမှု အားနည်းနေဟု ပွင့်လင်းမြန်မာရှေ့ဆောင် (OMI) အဖွဲ့ စစ်တမ်း၌ ဖော်ပြ

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲများတွင် မဲပေးဖူးသော်လည်း လွှတ်တော်နှင့် ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို သိရှိမှုနှင့်စိတ်ဝင်စားမှု အားနည်းနေဟု ပွင့်လင်းမြန်မာရှေ့ဆောင် (OMI) အဖွဲ့ စစ်တမ်း၌ ဖော်ပြ
Published 21 June 2018

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့သော်လည်း လွှတ်တော်နှင့် ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို သိရှိမှုနှင့် စိတ်ဝင်စားမှု အားနည်းနေသည်ကို တွေ့ရှိရသည်ဟု လွှတ်တော်စောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ထုတ်ပြန်သည့် “လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုစစ်တမ်း” တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲများတွင် မဲပေးခဲ့ဖူးသည့် ဒေသခံ ၇၄ ရာခိုင်နှုန်းတွင် လွှတ်တော်ကို သိပါသည်ဟု ဖြေကြားသူ ၃၃ ရာခိုင်နှုန်းရှိပြီး ဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကို သိရှိသူ ၃၈ ရာခိုင်နှုန်းသာရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ပွင့်လင်းမြန်မာရှေ့ဆောင်အနေဖြင့် သုတေသန အချက်အလက်များ ကောက်ယူရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တို့မှ ဒေသခံများကို စစ်တမ်းငယ်တစ်စောင် ကောက်ယူခဲ့ပြီး ဒေသခံပြည်သူများအား လွှတ်တော်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သတင်းများ သိ မသိ မေးမြန်းခဲ့ရာ လွှတ်တော်ကို လုံးဝမသိပါဟု ဖြေကြားခဲ့သူ ၂၉ ရာခိုင်နှုန်းရှိကြောင်း အဆိုပါစစ်တမ်းအရ သိရသည်။

လွှတ်တော်နှင့်ပတ်သက်၍ အနည်းငယ် သိပါသည်ဟု ဖြေကြားခဲ့သူ ၃၈ ရာခိုင်နှုန်း၊ လွှတ်တော်ကို သိပါသည်၊ သတင်းများလည်း ဖတ်ပါသည်ဟု ဖြေကြားခဲ့သူ ၂၇ ရာခိုင်နှုန်းဖြစ်ကာ လွှတ်တော်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအထိ ကောင်းကောင်း သိပါသည်၊ ကိုယ်တိုင်ဆောင်ရွက်ခဲ့ပါသည်ဟု ဖြေကြားခဲ့သူ ခြောက်ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့ဒေသသို့ လာရောက်တွေ့ဆုံ၍ ဒေသအခက်အခဲများအား တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်ဟု ဒေသခံ ပြည်သူများက ပြောဆိုခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ သို့မဟုတ် ၎င်းနှင့် သက်ဆိုင်သော တာဝန်ရှိသူတစ်ဦးဦးသည် မဲဆန္ဒနယ်ရှိ ပြည်သူများထံသို့ ဒေသအခက်အခဲများ၊ လိုအပ်ချက်များ လာရောက်မေးမြန်းမှု ရှိ မရှိကို မေးမြန်းရာတွင် လာရောက် မေးမြန်းပါသည်ဟု ဖြေကြားခဲ့သူ ၁၄ ရာခိုင်နှုန်းရှိပြီး မေးမြန်းမှုများ လုံးဝမရှိပါဟု ဖြေကြားခဲ့သူ ၈၃ ရာခိုင်နှုန်းရှိသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများအကြား သတင်းအချက်အလက် ဖြန့်ဝေမှုနှင့်ပတ်သက်၍ ၁၇ ရာခိုင်နှုန်းက ဖြန့်ဝေမှုရှိပါသည်ဟု ဖြေကြားခဲ့ပြီး ၈၃ ရာခိုင်နှုန်းက သတင်းအချက်အလက်ဖြန့်ဝေမှု မရှိပါဟု ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက် ဖြန့်ဝေမှုကို လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် ၎င်းတို့နှင့်သက်ဆိုင်သော တာဝန်ရှိသူများက ဒေသသို့ လာရောက်မေးမြန်း တွေ့ဆုံခြင်း၊ သတင်းများ၊ လူမှုကွန်ရက်များမှ သတင်းများ ဖြန့်ဝေခြင်း၊ ဆက်သွယ်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အားနည်းမှုများ ရှိနေသေးသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဲဆန္ဒရှင်ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုရေးတာဝန်နှင့်ပတ်သက်၍ ဆောင်ရွက်မှုများအပေါ်တွင် များစွာအကျိုးရှိစေနိုင်ပါသည်ဟု ယင်းစစ်တမ်းတွင် ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့က အကြံပြုထားသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများကလည်း ၎င်းတို့ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို သိရှိမှု၊ ကူညီပံ့ပိုးမှုနှင့် ၎င်းတို့ဒေသအခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခြင်းများဖြင့် ကိုယ်စားလှယ်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများ မြင့်မားလာစေနိုင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာနိုင်စေပါသည်ဟုလည်း ယင်းစစ်တမ်းတွင် အကြံပြုထားသည်။

Most Read

Most Recent