ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ လိပ်မူပေးပို့လာသည့် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသော တိုင်ကြားစာများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြား

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ လိပ်မူပေးပို့လာသည့် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသော တိုင်ကြားစာများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြား
Published 21 June 2018

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့တို့ ဧပြီ ၁၁ ရက်က တွေ့ဆုံမှုအား တွေ့ရစဉ်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လိပ်မူပေးပို့လာသည့် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ရန်နှင့် နိုင်ငံတော်သမ္မတရုံးသို့လည်း အသိပေး တင်ပြသွားရန် သမ္မတရုံးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကိစ္စ အကြောင်းအရာ ခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတရုံးက ဇွန် ၁၁ ရက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ လိပ်မူကာ ပေးပို့ အကြောင်းကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုပပျောက်စေရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အကြောင်းကြားစာတွင် ပါရှိသည်။

သို့ပါ၍ အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် တိုင်တန်းချက်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့ရန်နှင့် လိပ်မူပါဌာနများသို့ ပေးပို့လာသည့် တိုင်ကြားစာများကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ပြီး နိုင်ငံတော်သမ္မတရုံးသို့ အသိပေးတင်ပြသွားရန် လမ်းညွှန်မှုအရ အကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။

“ကျွန်တော်တို့ဆီကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်တဲ့ နေရာမှာ ဥပဒေအရ ကျွန်တော်တို့အဖွဲ့ကိုတော့ ဦးစားပေးပေါ့။ အဓိကအဖွဲ့အနေနဲ့လေ။ ဥပဒေအရကို သတ်မှတ်ပေးပြီးတော့ တာဝန်ပေးထားတာလေ။ အဂတိလိုက်စားမှုနဲ့ ကျူးလွန်သူတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ အရေးယူပေးဖို့ ဆိုလို့ရှိရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ အဓိက တာဝန်ရှိပါတယ်။ ဝန်ကြီးဌာနတွေလည်း မတိုင်ရဘူးမဟုတ်ဘူး။ တိုင်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုတိုင်တဲ့အခါမှာ ဝန်ကြီးဌာနတွေကလည်း သူတို့ကို အရေးယူလို့ရတာဆို ယူတယ်။ ယူလို့မရဘူးဆိုရင် ကျွန်တော်တို့ ကော်မရှင်ကို လွှဲပေးတာတွေလည်းရှိတယ်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ပြီးပါက အဂတိလိုက်စားမှုများအား ပို၍ထိထိရောက်ရောက် အရေးယူနိုင်မည်ဖြစ်ပြီး အစိုးရက လုပ်ပိုင်ခွင့်ပေးထားသူများအား ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ရန် ထိန်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၄ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ထည့်သွင်း ပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လုပ်ငန်း၊ စီမံကိန်းများကို ဖော်ထုတ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် စည်းမျဉ်းစည်းကမ်းများ ချထားကြောင်း၊ တင်ဒါစနစ်မှာ အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုများသည် တင်ဒါကိစ္စနှင့်ပတ်သက်၍ များစွာဆက်နွှယ်နေသည်ဟု ကြားရကြောင်း ထည့်သွင်းပြောကြားသည်။

အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာကြောင်း ကျော်စောသတင်းရရှိပါက တိုင်ကြားသူမရှိသော်လည်း ကော်မရှင်အနေဖြင့် စစ်ဆေးခွင့်ရှိမည့် အချက်များပါဝင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား သဘောကွဲလွဲမှုမရှိဘဲ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးက အပြီးသတ် အတည်ပြုထားသည်။

ထိုသို့ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခြင်းမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းအဖြစ် မှတ်တမ်းတင်ကြေညာရန်နှင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ နိုင်ငံတော်သမ္မတထံပေးပို့ရန်သာ ကျန်ရှိတော့မည်ဖြစ်သည်။

Most Read

Most Recent