ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုများရှိလာသည့်အတွက် နေရပ်ပြန်ရသူများလာ

ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုများရှိလာသည့်အတွက် နေရပ်ပြန်ရသူများလာ
Published 21 June 2018

နေရပ်ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းတွင် ဇွန် ၂၀ ရက်က တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုများရှိလာသည့်အတွက် ဇွန်လအတွင်း နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသူ ပိုများလာကြောင်း မြဝတီမြို့ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်အလုပ်သမား ဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားများသည် နေရပ်မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်မှ စတင်ပြန်လာခဲ့ကြရာ နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းပြီး ချစ်ကြည်ရေးတံတားမှ ပို့ဆောင်ခဲ့ရသလို မြန်မာနိုင်ငံ မြဝတီခရိုင် တာဝန်ရှိသူများကလည်း ကြိုဆိုပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်မှ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်နံနက်အထိ နေရပ်ပြန်လာသူ အမျိုးသား အမျိုးသမီး ၈၂၆၁၂ ဦး ရှိပြီဖြစ်ပြီး ဇွန်၂၀ ရက်က ပြန်လာသူများတွင် ဖမ်းဆီးခံရကာ ထိုင်းအချုပ်ထောင်မှ ငွေပေးပြီးလွတ်လာသူများနှင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီးအထောက်အထား ပြန်လာလုပ်သူများလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေပြီး အထောက်အထားမပြည့်စုံသည့်အတွက် ဖမ်းဆီးခံရသူများအား IDC အချုပ်တွင် ထားရှိကာ ဘတ် ၁၀၀၀ ပေး၍ ပြန်လာခဲ့ရသော်လည်း ငွေမပေးနိုင်သူများမှာ သုံး -လေးလအထိ ထောင်ကျခံရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ကိုမောင်မောင်ခင်က ပြောကြားသည်။

“အထောက်အထား မပြည်စုံလို့ အဖမ်းခံရတာပါ။ လကုန်မှာ အဖွဲ့စုံနဲ့ ဖမ်းမယ်လို့ သိထားပေမယ့် ခုကြိုဖမ်းနေပါပြီ။ ဖမ်းဆီးခံရတာများပါတယ်။ ကျွန်တော်တို့က IDC မှာ ဘတ် ၁၀၀၀ စီပေးပြီး ထွက်လာခဲ့ရတာပါ။ ငွေမပေးနိုင်ရင်ထောင် သုံး-လေးလကျပါတယ်။ IDC ဆိုတာ ကျွန်တော်တို့ နားလည်တာက အချုပ်ပါပဲ။ အတော်ဆိုးပါတယ်။ အရိုက်ခံရတာလည်း ရှိတယ်။ ဗိုက်ဆာရင် မာမားခေါက်ဆွဲတစ်ထုပ်ကို ဘတ် ၅၀၀ နဲ့ လည်း ဝယ်စားရပါတယ်” ဟု ဇွန် ၂၀ ရက်က မြဝတီ ကျောက်လုံးကြီးစခန်းသို့ ရောက်ရှိလာသူ ကိုမောင်မောင်ခင်က ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုကျော်သည်အထိ အလုပ်လုပ်ကိုင်နေသူ ကိုထွန်းထွန်းဦးက “အထောက်အထား မပြည့်စုံသူတွေကို အကြီးအကျယ် ဖမ်းဆီးတော့မှာဆိုတော့ သက်တမ်းလွန်နေတဲ့၊ အထောက်အထားဘာမှမရှိသေးသူတွေ ပွဲစားနဲ့ လာလုပ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသူများ သလို MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ခွာသူများလည်း များစွာရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြည်ပထွက်ခွာသူများကြောင့် ပြည်တွင်း၌ လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံး လျက်ရှိခြင်းကြောင်း၊  ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ကျောက်လုံးကြီး ပြန်လည်ကြို ဆိုရေးစခန်းတွင် ပြန်ကြားရေးတာဝန်ဆောင်ရွက်နေသူ ကိုဝင်းဇော်က ပြောကြားသည်။

ကျောက်လုံးကြီး ကြိုဆိုရေးစခန်းအား မေ ၃၁ ရက်က ပိတ်သိမ်းခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသူများ  နေရပ်ပြန်ပို့ ရေးလုပ်ဆောင်လျက်ရှိခြင်းကြောင့် ပြန်လည်ဖွင့်လှစ်ပြီး ကြိုဆိုလက်ခံလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent