တရုတ်က အမေရိကန်နိုင်ငံသို့ တင်ပို့မည့်ထုတ်ကုန်များကို အခြေခံအဆောက်အအုံနှင့် လျှပ်စစ်မီးအဆင်သင့်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အမြန်ဆုံးလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး လာရောက်ဆွေးနွေး

တရုတ်က အမေရိကန်နိုင်ငံသို့ တင်ပို့မည့်ထုတ်ကုန်များကို အခြေခံအဆောက်အအုံနှင့် လျှပ်စစ်မီးအဆင်သင့်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အမြန်ဆုံးလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး လာရောက်ဆွေးနွေး
Published 21 June 2018

ဇွန် ၂၀ ရက်က ပြုလုပ်သည့် Myanmar-Korea Investment Seminar အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ တင်ပို့မည့် ထုတ်ကုန်များကို အခြေခံ အဆောက်အအုံနှင့် လျှပ်စစ်မီးအဆင့်သင့်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း အမြန်ဆုံး လာရောက်ရင်းနှီးမြှုပ်နှံ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးနေကြောင်း ဇွန် ၂၀ ရက်က Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Seminar အခမ်းအနားမှ သိရသည်။

“တချို့လုပ်ငန်းရှင်တွေ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ပို့မယ့်ဟာမျိုးတွေ မြန်မာနိုင်ငံထဲကို အမြန်ဆုံးလာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်စားနေတယ်။ တချို့တွေလာပြီး ဆွေးနွေးနေတယ်။ အထူးသဖြင့် အခြေခံအဆောက်အအုံရှိပြီးသား လျှပ်စစ်လည်း အဆင်သင့်ရှိနေတယ်။ SEZ တွေမှာ လာပြီးလုပ်ဖို့ရှိတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ယင်းကဲ့သို့ ရွှေ့ပြောင်းကာ လုပ်ကိုင်လာမည့် လုပ်ငန်းမျာအတွက် မြန်မာနိုင်ငံဘက်မှလည်း အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ပေးနိုင်ရန်ကိုလည်း ပြင်ဆင်ထားရှိကြောင်း သိရသည်။

“မြန်မာကတော့ ဒါကိုအမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

၂၀၁၈ခုနှစ် ဧပြီလကုန်အထိ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိ ဝင်ရောက် မြှုပ်နှံထားမှုအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၅၀၃ သန်းကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလကုန်အထိရရှိသော စာရင်းများအရ သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၅၀၃ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၆ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံတကာမှ လုပ်ငန်းရှင်များက စက်မှုလုပ်ငန်းများ အများဆုံးဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလအကုန်အထိ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း စက်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၇၀၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ ကုန်သွယ်မှု လုပ်ငန်းကဏ္ဍတွင် ကိုးခု၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် လေးခု၊ အိမ်ခြံမြေကဏ္ဍတွင် တစ်ခုနှင့် ဟိုတယ်လုပ်ငန်းတွင်တစ်ခု စသည်ဖြင့် အသီးသီး ဝင်ရောက်ထားကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်က စတင်ကာ ၂၀၁၈ ခုနှစ် မေလအကုန်အထိ ဒေါ်လာဘီလျံ ၂၀ ကျော်အထိ ဝင်ရောက်ထားကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော်အထိရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်က စတင်ကာ ၂၀၁၈ ခုနှစ် မေလအကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၄၈၀ ကျော်အထိ ဝင်ရောက်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၆ ဘီလျံကျော်အထိ ရှိသည်။

Most Read

Most Recent