တရုတ်ဗဟိုအစိုးရ၏ ခွင့်ပြုချက်ရရှိမှသာ မြန်မာနိုင်ငံမှ ဆန်၊ သကြားနှင့် ပြောင်းအပါအဝင် လယ်ယာထွက်ကုန်များ တရုတ်သို့ တရားဝင်တင်ပို့ရေး ယူနန်-မြန်မာ MoU ရေးထိုးနိုင်မည်ဖြစ်ပြီး လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းဆဲသာဖြစ်

တရုတ်ဗဟိုအစိုးရ၏ ခွင့်ပြုချက်ရရှိမှသာ မြန်မာနိုင်ငံမှ ဆန်၊ သကြားနှင့် ပြောင်းအပါအဝင် လယ်ယာထွက်ကုန်များ တရုတ်သို့ တရားဝင်တင်ပို့ရေး ယူနန်-မြန်မာ MoU ရေးထိုးနိုင်မည်ဖြစ်ပြီး လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းဆဲသာဖြစ်
Published 21 June 2018

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်ဗဟိုအစိုးရ၏ ခွင့်ပြုချက်ရရှိမှသာ မြန်မာနိုင်ငံမှ ဆန်၊ သကြားနှင့် ပြောင်း အပါအဝင် လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရေးအတွက် ယူနန် - မြန်မာ MoU ရေးထိုးနိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် နှစ်ဖက်ညှိနှိုင်းဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

“MoU ကိစ္စက မထိုးဖြစ်သေးဘူး။ သူတို့ဘက်ကနေ ယူနန်ပြည်နယ်က ထိုးလို့ရမယ် ထင်နေတာ မရဘူး။ သူတို့က ဗဟိုအစိုးရကိုပြန်တင်၊ ဗဟိုအစိုးရကနေမှ ခွင့်ပြုပြီးတဲ့ အချိန်ကျမှ ကျွန်တော်တို့ ဒီဘက်ကို MoU ထိုးလို့ရမယ်လို့ ပြောတယ်။ ဒါကနံပါတ်တစ်ပေါ့” ဟု ဦးနေလင်းဇင်က ပြောကြားသည်။

“နှစ်ပါတ်နှစ်ကတော့ စီးပွား/ကူးသန်းဘက်က MoU ပြင်တဲ့ Draft ကို ရှေ့နေချုပ်ရုံးရော သမ္မတရုံးကိုရောတင်ပြီး ဒီဘက်က ထိုးမယ့်ဟာကို အကြမ်းကိုခွင့်ပြုပြီးသွားပြီ။ ဒီဘက်က ခွင့်ပြုထားတဲ့အကြမ်းကို ဟိုဘက်ကိုပို့လို့ ဟိုဘက်က ဗဟိုအစိုးရကိုတင်လို့ အိုကေတယ်ဆိုရင် ဆက်ထိုးလို့ရပြီ။ လာမယ့် ၁၅ ရက်၊ ရက် ၂၀ ပေါ့။ နှစ်ပတ်နဲ့ သုံးပတ်အတွင်း ပြီးပြတ်အောင်လုပ်မယ်လို့တော့ သူတို့က ကတိပြုထားတယ်။ လက်ရှိမှာတော့ MoU မထိုးဖြစ်သေးဘဲ ညှိပြီးပြန်လာတယ်။ ဟိုဘက်က Meeting လုပ်မယ်၊ Meeting Minutes တွေကို ဒီဘက်ကိုပို့မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ ဆန်၊ သကြားနှင့် ပြောင်း အပါအဝင် လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ယူနန်ပြည်နယ်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကာလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံဘက်မှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံဘက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အဆိုပါ ပို့ကုန်တန်ဖိုးနှင့် ညီမျှသော တရုတ်နိုင်ငံဘက်မှ လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သံနှင့် သံမဏိပစ္စည်းများအား ပြန်လည် တင်သွင်းနိုင်မည်ဖြစ်သည်။

“ဒီလက်မှတ်ထိုးမှုက အဓိကက နှစ်နိုင်ငံ ဒါမျိုးလက်မှတ်ထိုးတယ်ဆိုရင် Quota ဆိုတာကို ကျော်လွှားသွားတာပေါ့။ လက်ရှိဆိုရင် နယ်စပ်ကုန်သွယ်ရေးလုပ်နေတယ်။ ပင်လယ်ရေကြောင်းကနေ ပုံမှန်ကုန်သွယ်ရေး လုပ်နေတယ်။ ပုံမှန်ကုန်သွယ်ရေးက နိုင်ငံအစုံကို တင်ပို့တာပေါ့။ အခုကကျတော့ Bilateral Trade ပေါ့။ နှစ်နိုင်ငံစာချုပ်ချုပ်တာပေါ့။ အဲဒါက ကိုတာသတ်မှတ်ချက်နဲ့ အကျုံးမဝင်ဘူး။ ဒါကြောင့်မို့ တရားဝင်ဖြစ်သွားတာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“တကယ်တမ်း အရောင်းအဝယ် စာချုပ်ကိုတော့ ကုန်သည်အချင်းချင်းက ချုပ်မှာဖြစ်ပြီး ဝန်ကြီးဌာနမပါတော့ဘူး။ ကုန်သွယ်ရေးဦးစီးဌာနက ယူနန်ပြည်နယ်အစိုးရ အဖွဲ့နဲ့သာ နှစ်ဖက်ချုပ်ဆိုပေးတာပေါ့။ Bilateral ချုပ်ဆိုပေးတယ်။ တကယ်တမ်း အရောင်းအဝယ်ချုပ်တဲ့အခါမှာတော့ သက်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်တွေကပဲ အသင်းအဖွဲ့တွေကပဲ ချုပ်ဆိုရမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် တရုတ်နိုင်ငံသည် ကုန်သွယ်မှုပမာဏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်မှုများတွင်လည်း မြန်မာ-တရုတ် နယ်စပ်ဒေသ ကုန်သွယ်ရေးသည် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

Most Read

Most Recent