တီကျစ် ကျောက်မီးသွေးတွင်းမှ မိုင်းခွဲခြင်းကြောင့် လူနေအိမ်များ တုန်ခါမှုဖြစ်ပေါ်ပြီး ကျောက်မီးသွေးပြာများအား ကျေးရွာအတွင်း လမ်းခင်းထားသဖြင့် ကျန်းမာရေးထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ

တီကျစ် ကျောက်မီးသွေးတွင်းမှ မိုင်းခွဲခြင်းကြောင့် လူနေအိမ်များ တုန်ခါမှုဖြစ်ပေါ်ပြီး ကျောက်မီးသွေးပြာများအား ကျေးရွာအတွင်း လမ်းခင်းထားသဖြင့် ကျန်းမာရေးထိခိုက်မည်ကို ဒေသခံများစိုးရိမ်နေ
Published 23 August 2017

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ရှိ ကျောက်မီးသွေးမိုင်းတွင်း၌ မိုင်းခွဲခြင်းကြောင့် လူနေအိမ်များတုန်ခါမှုဖြစ်ပြီး ကျေးရွာသုံးခုရှိ လမ်းများတွင် ကျောက်မီးသွေးပြာများ ခင်းထားသဖြင့် ကျန်းမာရေးထိခိုက်မည်ကို တီကျစ်ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

တီကျစ်ရှိ ကျောက်မီးသွေးမိုင်းတွင် တစ်ရက်လျှင် မိုင်းနှစ်ကြိမ်ခွဲပြီး တစ်ကြိမ်လျှင် ၁၀ လုံးမှ အလုံး ၂၀ အထိခွဲနေရာ တုန်ခါမှုဖြစ်ပေါ်နေသဖြင့် လူနေအိမ်များ ပျက်စီးထိခိုက်မည်ကိုစိုးရိမ်ရပြီး သက်ကြီးရွယ်အိုများ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေကြောင်း တီကျစ်ဒေသခံများက ပြောကြသည်။

“အခုမိုင်းက တစ်နေ့ကိုနှစ်ကြိမ်ခွဲတယ်။ တစ်ကြိမ်ကို ၁၀ လုံး ၁၅ လုံးလောက်ကိုခွဲတာ။ အိမ်နဲ့မိုင်းတွင်းနဲ့လည်း နီးနီးလေး။ လမ်းထိပ်အထိ ပြည်ထောင်စုလမ်းမကြီးအထိ တုန်ခါတယ်။ မိုင်းခွဲတာလည်း ပြည်သူလူထုကိုလည်း အကြောင်းမကြားဘူး။ ထင်သလိုလုပ်နေတာ မင်းမဲ့တိုင်းပြည်လိုလုပ်နေတာတွေ။ မိုင်းခွဲချိန် အိမ်တွေထိခါတယ်လေ။ ၂၄ နာရီ လုံးလုံးတစ်လလုံးလုံး မြည်နေတာပဲ။ မနက် ၁၁ နာရီတစ်ကြိမ် ညနေ ၄ နာရီတစ်ကြိမ်ခွဲတယ်။ ကျောက်မီးသွေးတူးတဲ့ မိုင်းတွင်းက လယ်တွေ၊ ယာတွေပျက်စီးတယ်။ တောင်ဘက် ရှမ်းပိုင်းဆိုရင် ရွာနဲ့ကပ်နေပြီ။ သူတို့ သတ်မှတ်ထားတဲ့နေရာနဲ့ အိမ်တွေနဲ့ဆိုရင် ၁၀ ကိုက်လောက်ပဲ ဝေးတော့တယ်။ ကျွန်တော်တို့ အိမ်နားကနေ မိုင်းခွဲတာကို တာဝန်ရှိသူတွေလာကြည့်ပါလား တစ်ရက်လောက်။ မနက် ၁၁ နာရီတစ်ကြိမ် ညနေ ၄ နာရီတစ်ကြိမ် မိုင်းခွဲရင် အိမ်ကိုခါလားမခါလားဆိုတာ တာဝန်ရှိသူတွေလာကြည့်ပါလား” ဟု တီကျစ်ဒေသခံ ကိုစိန်သောင်းက ပြောကြားသည်။

တီကျစ်ရှိ သာယာကုန်းရွာအနီးရှိ ကျေးရွာသုံးရွာတွင် ကျောက်မီးသွေးပြာများကို လမ်းခင်းသဖြင့် ဗွက်များဖြစ်နေပြီး ကျေးရွာဒေသခံများ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ “ခင်းတာက သုံးရွာလုံးခင်းတယ်။ လမ်းအကုန်ခင်းတာတော့ မဟုတ်ဘူးပေါ့။ ရွာသူကြီးတွေကလည်း သွားတောင်းထားတာလည်းရှိတယ်။ အဲဒါတော့ သူတို့ချခိုင်းတဲ့ နေရာချပေးတယ်။ ဘုန်းကြီးကျောင်းမှာလည်း လာလှူထားတာတွေ့ရတယ်။ ရွာဘက်ကတော့ မိုးရွာတော့ လမ်းတွေသွားမရတော့ အပေါ်ပိုင်းကို ပြန်ခင်းဖို့ သဲတွေအလှူခံနေတာပေါ့။ အပေါ်ယံလွှာကိုသဲနဲ့ ပြန်ဖြူးရဦးမယ်။ အကုန်တော့ မဖြူးသေးဘူး။ လှူတဲ့လူလည်းမရှိသေးဘူး။ ဒီဟာကြောင့်မို့ မဖြစ်ဘူးလို့ ဘယ်သူမှအာမခံမရဲဘူးလေ။ အခုက လမ်းသွားရတာလည်း ဆိုးတာပေါ့။ နွေရာသီဆိုရင် ဖုန်တွေလို ပြန်ထမှာလည်း ကြောက်လို့လေ။ လူကြီးပိုင်းတွေ သွားတောင်းထားတာဆိုတော့လေ။ သူတို့ကလည်း ကျန်းမာရေးအမြော်အမြင် ဗဟုသုတလည်း နည်းတယ်ထင်ပါတယ်” ဟု သာယာကုန်းရွာ ဒေသခံ ခွန်ဝင်းထိန်က ပြောကြားသည်။

ကျောက်မီးသွေးပြာများသည် လွန်စွာအဆိပ်ပြင်းပြီး လေနှင့်အတူပါသွားတတ်ကြောင်း၊ ရေနှင့်ထိမိသောအခါ ညစ်ညမ်းသော ရေဖြစ်သွားပြီး ကျောက်မီးသွေးပြာတွင် စိန်၊ ခဲ၊ ပြဒါးနှင့် အခြားအဆိပ်များ ပါဝင်နေကြောင်း၊ မိုးရာသီတွင် မြေအောက်တွင်းသို့ အဆိပ်များ စိမ့်ဝင်သွားတတ်ကြောင်း၊ ချောင်းမြောင်း ရေတွင်းရေကန်သို့ ရောက်ရှိသွားလျှင် ညစ်ညမ်းသော ရေဖြစ်သွားတတ်သဖြင့် လူထုကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ နွေရာသီတွင်လည်း ဖုန်ထပြီးလေထုထဲပျံ့နှံ့ကာ ရှူရှိုက်နိုင်သဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်တတ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြထားကြသည်။

Most Read

Most Recent