အခွန် နှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည့် ပင်ရင်းမှနုတ်ယူသည့် အခွန်သတ်မှတ်ချက်အသစ် ထုတ်ပြန်ခဲ့ပြီး အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းအဖွဲ့အစည်းများ၏ နိုင်ငံတော်အတွင်း ပေးချေငွေများအပေါ် ကင်းလွတ်ခွင့်ပြု

အခွန် နှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည့် ပင်ရင်းမှနုတ်ယူသည့် အခွန်သတ်မှတ်ချက်အသစ် ထုတ်ပြန်ခဲ့ပြီး အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းအဖွဲ့အစည်းများ၏ နိုင်ငံတော်အတွင်း ပေးချေငွေများအပေါ် ကင်းလွတ်ခွင့်ပြု
Published 20 June 2018

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်

အခွန် နှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိပေးဆောင်ရမည့် ပင်ရင်းမှ နုတ်ယူသည့် အခွန် (ဝင်ငွေခွန်အား ကြိုတင်ကောက်ခံသည့် အခွန်) သတ်မှတ်ချက်အသစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်ပြီး အစိုးရနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းအဖွဲ့အစည်းများ၏ နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများအပေါ် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လစာခေါင်းစဉ်မှအပ သတ်မှတ်ပေးချေငွေ အမျိုးအစားများနှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် သတ်မှတ်ရာခိုင်နှုန်းများအတိုင်း ကျသင့်သောဝင် ငွေခွန်ကို နုတ်ယူပေးသွင်းရန်သတ်မှတ်ခြင်း ဖြစ်သည်။

အတိုးပေးငွေများနှင့်ပတ်သက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများကို ကင်းလွတ်ခွင့်ပြုထားပြီး ပြည်ပနေနိုင်ငံခြားသားများအတွက် ၁၅ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသည်။ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေးစသည်တို့ကို အသုံးချခွင့်ပြုမှုဆိုင်ရာပေးချေ ငွေများအတွက် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများကို ၁၀ ရာခိုင်နှုန်း၊ ပြည်ပနေ နိုင်ငံခြားသားများအတွက် ၁၅ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့များက တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ခေါ်ယူသည့် စနစ်သို့မဟုတ် ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများအတွက် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် နှစ်ရာခိုင်နှုန်း၊ ပြည်ပနေနိုင်ငံခြားသားအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသည်။

နိုင်ငံတော်နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့်အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမ အသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများအတွက် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် ကင်းလွတ်ခွင့်ပြုထားပြီး ပြည်ပနေ နိုင်ငံခြားသားများအတွက် ၂ ဒသမ ၅ ရာ ခိုင်နှုန်းကောက်ခံမည်ဟု သတ်မှတ်ထားပြီး အမိန့်ကြော်ငြာစာတွင် အသေးစိတ်သတ်မှတ်ချက်များ ထပ်မံပါဝင်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များ၊ လုပ်ငန်းသဘောသဘာဝများ စသည်တို့ကို ပြင်ဆင်၊ ခွဲခြားသတ်မှတ်ပေးနိုင်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၅၁^၂၀၁၇ ကို ယခုအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent