အသက် ၆၀ အမျိုးသားက ၁၁ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

အသက် ၆၀ အမျိုးသားက ၁၁ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား
Published 20 June 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ဘွဲ့နှင်းကုန်းရွာတွင် အသက် ၆၀ အရွယ်ရှိ အမျိုးသားမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှု ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီး သားမယားပြုကျင့်သူအမျိုးသားအား ဖမ်းဆီးထားကြောင်း တောင်ငူမြို့အမှတ်(၂) နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီ ခန့်က တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ဘွဲ့နှင်းကုန်းရွာနေ ဒေါ်---မှ သမီး ဖြစ်သူ မ---- (၁၁နှစ်) အား ၎င်းတို့နေအိမ် မျက်စောင်းထိုးတွင် နေထိုင်သူ ဦးစိန်ပွား အသက်(၆၀နှစ်) (ဘ) ဦးညွန့်နေအိမ်ခြံအတွင်းရှိ ရေတွင်း၌ အဝတ်သွားလျှော်ခိုင်းခဲ့ကြောင်း သိရသည်။ ထိုသို့ အဝတ်သွားလျှော်ခိုင်းပြီး ခဏအကြာတွင် ဒေါ်---၏အစ်ကိုဖြစ်သူ ဦးခင်မောင်လတ်မှ ဦးစိန်ပွားနေအိမ်သွားရောက်လည်ပတ်ခဲ့ရာ ဦးစိန်ပွား၏ နေအိမ် အိပ်ခန်းအတွင်းရှိ အိပ်ရာထဲ၌ ဦးစိန်ပွားနှင့်အတူ မ-----(၁၁နှစ်)အား တွေ့ရှိခဲ့ရသဖြင့် မ---(၁၁နှစ်) ၏ မိခင်ဖြစ်သူ ဒေါ်---အား ပြန်ပြောပြခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်----မှသမီးဖြစ်သူ မ-----(၁၁ နှစ်) အား ပြန်လည်မေးမြန်းခဲ့ရာ မ----မှ အဝတ်လျှော်နေစဉ် ဦစိန်ပွားက ကုတင်ပေါ်သို့ ဆွဲခေါ်သွားပြီး လက်ကိုချုပ်ကိုင်၊ ပါးစပ်အား စောင်နှင့်ပိတ်ကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်-- ၏ တိုင်ကြားချက်အရ သားမယားပြုကျင့်သူ ဦးစိန်ပွားအား တောင်ငူအမှတ်(၂) နယ်မြေရဲ စခန်းမှ (ပ)၅၄၀/၂၀၁၈၊ (အမှုကြီးအမှတ်စဉ် ၆/၂၀၁၈)အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

Most Read

Most Recent