ပုလောမြို့နယ်ရှိ Myanmar Thai Rubber Joint Cooperation ၏ ရော်ဘာစက်ရုံမှ ထွက်ရှိသော အနံ့ဆိုးဒဏ်ကို ဒေသခံများ ဆိုးရွားစွာ ခံစားနေရပြီး ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ

ပုလောမြို့နယ်ရှိ Myanmar Thai Rubber Joint Cooperation ၏ ရော်ဘာစက်ရုံမှ ထွက်ရှိသော အနံ့ဆိုးဒဏ်ကို ဒေသခံများ ဆိုးရွားစွာ ခံစားနေရပြီး ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ
Published 20 June 2018

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ရှိ Myanmar Thai Rubber Joint Cooperation ၏ ရော်ဘာစက်ရုံမှ ထွက်ရှိလာသော အနံ့ဆိုးဒဏ်ကို ဒေသခံများ ဆိုးရွားစွာ ခံစားနေရပြီး ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

ဇွန် ၁၄ ရက်မှ စတင်ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယမြောက်နေ့တွင် ပုလောမဲ ဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်းက ပုလောမြို့နယ် ကြဲကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာရှိ  Myanmar Thai Rubber Joint Cooperation ရော်ဘာအစေးခံ ကုမ္ပဏီအား မြေယာအခြားနည်း အသုံးပြုခွင့်နှင့် လုပ်ငန်းလုပ်ဆောင်ရန် တရားဝင်ခွင့်ပြုထားခြင်း ရှိ မရှိနှင့် ဆိုးရွားလှသည့် ရော်ဘာ အနံ့ဆိုး ထွက်မှုကို တားဆီးကာကွယ်ရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း မေးမြန်းခဲ့ကြောင်း၊ Myanmar Thai Rubber Joint Cooperation ရော်ဘာအစေးဝယ် အစေးခဲ ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ပြီး ကုမ္ပဏီမှာ ပုလော-သမုတ်ကား လမ်းဟောင်း၏ နံဘေးတွင်ရှိကာ ကုမ္ပဏီ၏ အရှေ့ဘက်မျက်နှာစာ ကားလမ်းတစ်ဖက်တွင် ဘုတ်ချောင်း အခြေခံပညာ မူလတန်းကျောင်း၊ တောင်ဘက်နှင့် အနောက်ဘက်တွင် အိမ်ခြေ ၁၀၀ ခန့်နှင့် လူဦးရေ ၄၀၀ ခန့်ရှိ ဘုတ်ချောင်း ကျေးရွာတည်ရှိကြောင်း၊ စက်ရုံမှထွက်ရှိလာသည့် အနံ့ဆိုးများမှာ ပတ်ဝန်းကျင် တစ်ခုလုံး မခံနိုင်အောင် ဆိုးရွားနေပြီး အနီးရှိ စာသင်ကျောင်းနှင့် ရွာအတွင်း နေထိုင်သူများ အနံ့ဆိုးဒဏ်ကို ခံစားနေရကာ ကုမ္ပဏီရှိ အလုပ်သမားများလည်း အနံ့ဆိုးဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်ကာ ဆေးကုသမှုများ ခံယူနေရကြောင်း လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ပြောကြားသည်။

“၎င်းရော်ဘာစေး အရည်ဝယ်အစေးခဲတဲ့ စက်ရုံက ထွက်လာတဲ့ အနံ့ဆိုးဟာ ပတ်ဝန်းကျင် တစ်ခုလုံး မခံရပ်နိုင်အောင် ဆိုးရွားလှပါတယ်။ ကုမ္ပဏီအနေဖြင့် အနံ့ဆိုးကာကွယ်ရန် ကြိုးစားလုပ်ဆောင် နေတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ အနောက်မြောက်လေ တိုက်လာတဲ့ အခါဆိုရင် စာသင်ကျောင်းနှင့် အရှေ့လေတိုက်တဲ့ အခါမျိုးမှာ ရွာထဲရှိ ပြည်သူများ မနေနိုင်လောက်အောင် အနံ့ဆိုးဒဏ်ကို ခံစားနေကြရပါတယ်။ မနှစ်တုန်းကဆိုလျှင် အ.မ.က ဘုတ်ချောင်းရှိ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများ အော့အန်မူးလဲတဲ့အထိ ဖြစ်ကြရပါတယ်။ စက်ရုံရဲ့ အနောက်ဘက် မျက်နှာစာမှာ စုပုံထားတဲ့ ရော်ဘာချေးများကို သိမ်းကျုံးလဲလှယ်တဲ့ အချိန်များမှာ သော်လည်းကောင်း၊ ၎င်းစွန့်ပစ်ရေဆိုး စုဆောင်းတဲ့ ကန်များအတွင်းရှိ ရေများကို ဒလက်ပန်ကာများဖြင့်လည်ပြီး အနံ့ထုတ်တဲ့ အခါများမှာဆိုလျှင် တစ်ရွာလုံး မနေနိုင်လောက်အောင် ခံစားနေကြရပါတယ်” ဟု ပုလောမဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်းက ပြောကြားသည်။

၎င်း၏ မေးမြန်းမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြန်လည်ဖြေကြားရာတွင် Myanmar Thai Rubber Joint Cooperation ၏ စိုက်ပျိုးမြေ ဧရိယာ ၇၈၆ ဒသမ ၅၈ ဧကမှာ ဗင်းတေ့ချ်ကုမ္ပဏီမှ ဦးစိုင်းသန်းအောင် အမည်ဖြင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ ၂၀၁၅ ခုနှစ်တွင် ၃၃၆ ဒသမ ၈၂ ဧက နှင့် ၂၀၀၃ ခုနှစ်တွင် ၄၄၉ ဒသမ ၇၆ ဧက စုစုပေါင်း ၇၈၆ ဒသမ ၅၈ ဧကအား ရာဘာစိုက်ပျိုး လုပ်ကိုင်ရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားကြောင်း၊ ၂၃.၁၂.၂၀၁၅ ရက်တွင် ဗင်းတေ့ချ်ကုမ္ပဏီမှ Myanmar Thai Rubber Joint Cooperation Ltd., ထံ လွှဲပြောင်းပေးအပ်ရာ ယနေ့အထိ  ရာဘာပင်များ စိုက်ပျိုးခြင်း၊ အစေးလှီးခြင်းများ လုပ်ကိုင်လျက်ရှိကာ ယင်းမြေဧရိယာ အနက်မှ ၈ ဒသမ ၅၀ ဧက ခန့်အား စက်ရုံမြေအဖြစ် အသုံးပြုထားလျက်ရှိပြီး လုပ်ကိုင်ခွင့်ရရှိသူမှာ ၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုဂ္ဂလိကစက်ရုံ မှတ်ပုံတင်နိုင်ရေး လျှောက်ထား ဆောင်ရွက်လျက် ရှိသည်ကို သိရကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် Myanmar Thai Rubber Joint Cooperation Ltd., အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ မှတ်ပုံတင်လက်မှတ် (749) FE/2013-2014 အရ Myanmar Thai Rubber Joint Cooperation Ltd., အနေဖြင့် ကုမ္ပဏီလက်မှတ် ရရှိထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၈.၄.၂၀၁၈ ရက်စွဲဖြင့် ခွင့်ပြုမိန့်အမှတ် (၇၀၅/၂၀၁၄) ဖြင့် ရာဘာစိုက်ပျိုးခြင်း၊ ရာဘာအစေးခြစ်ခြင်း၊ Air Dried Sheet Concentrated Latex နှင့်အခြားတန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်ခြင်းအား နှစ် ၅၀ လုပ်ငန်းခွင့်ပြုမိန့်ရရှိပြီး ဖြစ်ကြောင်း၊ ဆိုးရွားလှသည့် ရာဘာအနံ့ဆိုးထွက်မှုကို တားဆီးကာကွယ်ရန် အစီအစဉ်နှင့် ပတ်သက်၍ Myanmar Thai Rubber Joint Cooperation Ltd., ရာဘာအစေး စက်ရုံသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ (IEE) နှင့်ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ကို Green Myanmar Enviromental Service Co.,Ltd နှင့်ရေးဆွဲဆောင်ရွက်ပြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့  တင်ပြထားဆဲဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆက်လက်ဖြေကြားသည်။

ဝန်ကြီးဦးမြင့်မောင်က စက်ရုံနှင့် ပတ်သက်၍ IEE နှင့် EMP ရေးဆွဲရာတွင် တွေ့ရှိချက်များနှင့် ကာကွယ်ရမည့် အပိုင်းများပါ အပြည့်အစုံပါပြီး ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်များအပေါ် လိုက်နာဆောင်ရွက်သွားမည် ဆိုပါက မြေပြင်၌ ဆိုးရွားလှသည့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိနိုင်မည ်မဟုတ်ကြောင်း၊ ၎င်းတို့အနေဖြင့် တွေ့ရှိချက်များ အပေါ်တွင ်ထပ်မံ၍ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေနှင့်မညီပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

Most Read

Most Recent