နေပြည်တော် ဈေးများဌာနမှူးနှင့် သားသတ်ရုံများဌာနမှူးတို့မှ ငွေလာဘ်စားသည်ဟုဆိုကာ သားသတ်လုပ်ငန်း လုပ်ကိုင်သူများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားဟု သိရ

နေပြည်တော် ဈေးများဌာနမှူးနှင့် သားသတ်ရုံများဌာနမှူးတို့မှ ငွေလာဘ်စားသည်ဟုဆိုကာ သားသတ်လုပ်ငန်း လုပ်ကိုင်သူများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားဟု သိရ
Published 23 August 2017

နေပြည်တော် ဈေးများဌာနမှူးနှင့် သားသတ်ရုံများဌာနမှူးတို့မှ ငွေလာဘ်စားသည်ဟုဆိုကာ သားသတ်လုပ်ငန်း လုပ်ကိုင်သူများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါ သားသတ်လုပ်ငန်း လုပ်ကိုင်သူများက သက်ဆိုင်ရာဈေးများတွင် ဈေးရောင်းချခြင်းမရှိသည့်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ရောင်းချခွင့် ယာယီပိတ်သိမ်းကြောင်း အကြောင်းကြားခဲ့သည့်အပေါ် သြဂုတ် ၂၂ ရက်က သားသတ်လုပ်ငန်းရှင်များက သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ဈေးများဌာနမှူးနှင့် သားသတ်ရုံများဌာနမှူးတို့အား ငွေပေးခဲ့သည့် သက်သေအထောက်အထားများနှင့် ရှင်းလင်းခဲ့သည်။

“ကျွန်တော်တို့အခက်အခဲက H1N1 ရောဂါကြောင့် တစ်ပတ်လောက်မထွက်ဘူး။ မထွက်တဲ့အနေအထားမှာ ဈေးများဌာနမှူးနဲ့ တိကုဌာနမှူးက ကျွန်တော်တို့ကို ယာယီသုံးရက် ပိတ်သိမ်းလိုက်တယ်။ သားသတ်ရုံများဌာနမှူး ဒေါက်တာခိုင်စိုးလှက အိမ်ကိုလာတယ်။ ကျွန်တော်တို့ဆီကို ပိုက်ဆံ ၁၅ သိန်းတောင်းတယ်။ ကျွန်တော်က ငါးသိန်းပဲပေးနိုင်တယ်။ ၁၁ ရက်မှာ ငါးသိန်းလက်ခံတဲ့ သက်သေအထောက်အထား အားလုံးရှိတယ်။ ဒီလုပ်ငန်းကို ပြန်ရောင်းလို့ရအောင် လုပ်ပေးမယ်ဆိုပြီး တောင်းတာပါ။ နောက်ကျန် ၁၀ သိန်းကို သူ့အိမ်ကို ၁၉ ရက်က သွားပေးခဲ့တယ်” ဟု ဝက်သားသတ်လုပ်ငန်း လိုင်စင် (စီ) ရရှိသူ ဦးမျိုးခက်က ပြောကြားသည်။

၎င်းရောင်းချခွင့်ရှိသည့် ဈေးများအနက် ဈေးလေးခုတွင် H1N1 ရောဂါဖြစ်ပွားနေသည့်အတွက် တစ်ပတ်ခန့်ရောင်းချခြင်း မရှိသည့်အပေါ် အသားထုတ်လုပ်ရောင်းချခွင့်အား သြဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိ ယာယီပိတ်သိမ်းသည့်အတွက် ပြန်လည်ရောင်းချလို၍ ငွေပေးခဲ့ရခြင်းဖြစ်ကြောင်း ဦးမျိုးခက်ကဆိုသည်။

“ဈေးများဌာနမှူး ဦးမင်းလွင်စိုးကလည်း အဆင်ပြေစေရေးအတွက်ကို အိမ်ကိုလာခဲ့ဖို့ ကျွန်တော့်ဆီဖုန်းဆက်တယ်။ ပိုက်ဆံယူခဲ့လို့ပြောတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ သူ့အိမ်ကိုသွားပြီးတော့ ၁၀ သိန်းပေးခဲ့တယ်။ သူကတောင်းတာက သိန်း ၂၀ တောင်းတယ်။ ကျွန်တော် ဈေးပြန်ရောင်းနိုင်ဖို့အတွက် သူကတောင်းတာပါ။ သူတို့က ပိုက်ဆံပေးဖို့စတောင်းတာပါ။ အရင်ကလည်း သူတို့က ငွေခေါ်တောင်းတာတွေရှိတယ်။ အဆင်ပြေသလိုပေးနေရတယ်။ လုပ်ငန်းအဆင်ပြေရေးအတွက် ခဏခဏပေးခဲ့တာတွေ ရှိပါတယ်။ ငွေပမာဏကတော့ သိန်း ၂၀ နဲ့ ၃၀ ကြားပဲပေးခဲ့ပါတယ်” ဟု ဦးမျိုးခက်က ပြောကြားသည်။ ယင်းသို့ငွေများပေးခဲ့ရသော်လည်း လက်ရှိအထိ ဈေးပြန်လည်ရောင်းချခွင့် ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ ငွေများလက်ခံခြင်း ရှိ၊ မရှိအား ဈေးများဌာနမှူးထံသို့ သွားရောက်မေးမြန်းရာ “ဒီပိုက်ဆံတွေကို ကျွန်တော်ပြန်ပေးလိုက်တယ်။ ကျွန်တော့်မှာ သက်သေအပြည့်ရှိတယ်။ သူက ကျွန်တော့်ကို သိန်း ၂၀ ပေးရတယ်လို့ပြောတယ်။ ကျွန်တော့်အဆင့်၊ ကျွန်တော့်အနေအထားနဲ့ သူ့ဆီက သိန်း ၂၀ ယူစရာအကြောင်းမရှိဘူး။ ကျွန်တော်လည်း ဘာမှလုပ်စရာအကြောင်းမရှိဘူး။ စွဲလို့ရှိရင် တရားပြန်စွဲမယ်။ ဒါအမှန်အတိုင်းပဲ။ သူ့သိန်း ၂၀ က ဘာလုပ်လို့ရမှာလဲ။ ဒီလောကထဲမှာ။ ကျွန်တော် ဒါပြန်ပေးပြီးသား။ အဲဒီနေ့က သူမလာဘူးမဟုတ်ဘူး။ သူလာတယ်။ တင်ရင်ကျွန်တော်က တရားစွဲမှာ” ဟုပြောကြားသည်။

ယင်းကဲ့သို့ တိုင်ကြားမှုအပေါ် လာဘ်စားသည်ဟုမှန်ကန်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟု နေပြည်တော် စည်ပင်သာယာကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။ အထက်ပါကိစ္စအား တိ/ကုနှင့် သားသတ်ရုံများ ဌာနမှူးထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ချေ။

လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသည့်အပေါ် အရေးယူပေးရန် တိုင်ကြားစာအား နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ ပေးပို့ထားသည်။

Most Read

Most Recent