လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အရေးပေါ်လူနာများ လွှဲပြောင်းကုသနိုင်ရန် ဆေးပေးခန်းဖွင့်မည်

လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အရေးပေါ်လူနာများ လွှဲပြောင်းကုသနိုင်ရန် ဆေးပေးခန်းဖွင့်မည်
Published 20 June 2018

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် အရေးပေါ်လူနာများ လွှဲပြောင်းကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးပေးခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်က  ကျင်းပသည့် ‘အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ အရေးပေါ်လူနာများ ကုသပေးခြင်းနှင့် လွှဲပြောင်းပေးခြင်းဆေးခန်း’ ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်းပြောကြားသည်။

“အဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ  နေ့စဉ်ခရီးသည်တင် ဘတ်စ်ကားများစွာ ဝင်ထွက်သွားလာနေပြီး ခရီးသည်ငါးသိန်းခန့် ရောက်ရှိထွက်ခွာနေတဲ့နေရာဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ အလွန်မဟာဗျူဟာကျတဲ့ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တယ်။ အထူးသဖြင့် ကူးစက်ရောဂါနဲ့ ကပ်ရောဂါထိန်းချုပ်တဲ့ ရှုထောင့်ကကြည့်ရင် အခြားအရပ်ဒေသတွေက ဒီနေရာကို ရောဂါကူးစက်ရောက်ရှိပြီး ဒီကတစ်ဆင့် ရောဂါမဖြစ်ပွားသေးတဲ့ အခြားအရပ်ဒေသတွေကို ရောဂါထပ်မံ ကူးစက်ပျံ့ပွားနိုင်ခြေရှိတဲ့ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ စနစ်တကျ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင်လူအများစု ဝင်ထွက်သွားလာတဲ့ နေရာဖြစ်တဲ့အတွက် ကျန်းမာရေး အသိပညာပေးစည်းရုံးလို့ အကောင်းဆုံးနေရာ ဖြစ်တယ်။ ဒီဆေးခန်းတွေမှာ ခရီးသွားပြည်သူတွေ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအပြင် အရေးပေါ်လူနာတင်ယာဉ်ရှိတဲ့အတွက် အရေးပေါ်လူနာ တွေရှိလာရင် သက်ဆိုင်ရာဆေးရုံကြီးတွေကို အချိန်မီပေးပို့ကုသနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီးဒီလိုဆေးခန်းမျိုးကို လှိုင်သာယာက ဒဂုံ-ဧရာအဝေးပြေး စခန်းမှာလည်း ထပ်မံဖွင့်လှစ်သွားဖို့ ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယင်းဆေးခန်းဖွင့်လှစ်ခြင်းဖြင့် ယာဉ်ရပ်နားစခန်းအတွင်းနေထိုင်သူများ၊ ခရီးသွားပြည်သူများအတွက် အရေးပေါ်နှင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ပေး ခြင်းများအပြင် ခရီးသည်များ၏ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ယာဉ်များကို ဂရုတစိုက် မောင်းနှင်နေရသော ယာဉ်မောင်းများတွင် ရုတ်တရက် ရောဂါပြင်းထန်စွာ ခံစားရပြီး ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အမြင်အာရုံချို့တဲ့မှု၊ အကြားအာရုံချို့တဲ့မှု ရောဂါစသည့် ရောဂါများကို အခမဲ့စစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှိုက်ကင်းစင်ပြီး သန့်ရှင်းသော ပတ်ဝန်းကျင်သည် ရေ၊ မစင်နှင့် တိရစ္ဆာန်မှ ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေး အဓိကကျသည့်အတွက် ယာဉ်ရပ်နားစခန်းဝင်းအတွင်း သန့်ရှင်းလုံလောက်သော အိမ်သာနှင့်ရေများ ရရှိရေး၊ ကြွက်၊ ခြင်၊ ယင်နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ နေထိုင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်နှင့် ခရီးသည်များ သန့်ရှင်းစိတ်ချရသော အစားအသောက်များ စားသုံးနိုင်ရေးအတွက် စားသောက်ဆိုင်များကို ပညာပေးခြင်းနှင့်အစားအသောက် စစ်ဆေးခြင်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အဆိုပါပွဲတွင် ပြောကြားသည်။

Most Read

Most Recent