ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မှားယွင်းဖော်ပြမှု အပါအဝင်အချက်နှစ်ချက်အား ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ရခိုင်အမျိုး သားပါတီ တင်ပြ

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မှားယွင်းဖော်ပြမှု အပါအဝင်အချက်နှစ်ချက်အား ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ရခိုင်အမျိုး သားပါတီ တင်ပြ
Published 20 June 2018

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့နှင့် ရခိုင်အမျိုးသားပါတီ (ANP) တာဝန်ရှိသူများ စစ်တွေဟိုတယ်၌ တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-ရခိုင်အမျိုးသားပါတီ)

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများစာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက မှားယွင်းစွာ ဖော်ပြနေမှုအပါအဝင် အချက်နှစ်ချက်အား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schrane Burgener ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ်  ရခိုင်အမျိုးသားပါတီ (ANP) က တင်ပြဆွေးနွေးခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဇွန် ၁၉ ရက်တွင် ပြောကြားသည်။

ရခိုင်အမျိုးသားပါတီက တင်ပြခဲ့သော အချက်နှစ်ချက်မှာ ဘင်္ဂါလီကိစ္စနှင့်ပတ်သက်၍ ယခုအချိန်ထိ ပြည်ထောင်စုအစိုးရက သော်လည်းကောင်း၊ ပြည်နယ်အစိုးရကသော်လည်းကောင်း ရခိုင်အမျိုးသားပါတီနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသော ဘင်္ဂါလီများစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မှားယွင်းဖော်ပြနေမှုကို ၎င်းတို့ပါတီအနေဖြင့် လုံးဝလက်မခံနိုင်ခြင်းတို့ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဦးဆောင်သော အဖွဲ့နှင့် ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များသည် ဇွန် ၁၇ ရက်က စစ်တွေမြို့ စစ်တွေဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က အချက်နှစ်ချက်အပေါ်မှာ လက်မခံနိုင်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂါလားဒေ့ရှ်အစိုးရကနေ ကြေညာနေတဲ့လူဦးရေ ရှစ်သိန်းတို့၊ ကိုးသိန်းတို့၊ တစ်သန်းတို့ အဲဒီအရေအတွက်ကို ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက လုံးဝလက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ် ရှိပါတယ်။ ၁၃ မြို့နယ်မှာ ရခိုင်တွေနဲ့ ဘင်္ဂါလီတွေ အတူတူနေနေကြတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဘင်္ဂါလီအရေအတွက်ဟာ တစ်သန်းနီးပါးပဲရှိပါတယ်။ အထူးသဖြင့် အများဆုံးက မောင်တောနဲ့ဘူးသီးတောင်။ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုမှာ လူဦးရေ ခုနစ်သိန်းလောက်ရှိတယ်။ အဲဒီတော့ အခုထွက်ပြေးကြတာက ကျန်တဲ့မြို့နယ်တွေက ဘယ်သူမှမပြေးဘူး။ မောင်တောနဲ့ဘူးသီးတောင်က လူတွေပြေးတယ်။ အဲဒီတော့ မောင်တောနဲ့ဘူးသီးတောင်က လူအကုန်းလုံးပြေးမှ လူဦးရေ ခုနစ်သိန်းလောက်ပဲဖြစ်မှာ။ ဒါပေမဲ့ မောင်တောနဲ့ ဘူး သီးတောင်က ဘင်္ဂါလီတွေ အကုန်လုံးထွက်ပြေးတာ မဟုတ်ဘူး။ တစ်ဝက်လောက်က ဒီမှာကျန်နေတဲ့အတွက် ဘယ်လိုများ အဲဒီရှစ်သိန်းတို့၊ ကိုးသိန်းတို့ တစ်သန်းနီးပါးတို့ ဘယ်လိုဖြစ်သွားတာလဲ။ ကျွန်တော်တို့ လုံးဝလက်မခံဘူးလို့ ဒီကိစ္စကို” ဟု ဦးထွန်းအောင်ကျော် ပြောကြားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသော ဘင်္ဂါလီလူဦးရေမှာ ၁၃ သိန်းရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားထားသည်။

“နောက်တစ်ခုကလည်း ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရထားတဲ့ပါတီက ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ။ ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုရှိနေတဲ့ လွှတ်တော်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်ခံစားနေရတဲ့ ရခိုင်နဲ့ရခိုင်မျိုးနွယ်စုတွေ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီကို ပြည်ထောင်စုအစိုးရကသော်လည်းကောင်း၊ ပြည်နယ်အစိုးရကသော် လည်းကောင်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ခေါ်ယူတာတို့၊ ဆွေးနွေးတာတို့၊ ညှိနှိုင်းတာတို့၊ တိုင်ပင်တာတို့၊ ကမ်းလှမ်းတာတို့ ဒီနေ့ထက်ထိ တစ်ကြိမ်တစ်ခါမှ မရှိတာကို ကျွန်တော်တို့ စိတ်မကောင်းဖွယ်ရာ တွေ့ရတယ်လို့ ကျွန်တော်တို့ ဒီအချက်နှစ်ချက် ကျွန်တော်တို့ ပြန်ပြောလိုက်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ထို့ပြင် မောင်တောနှင့်ဘူးသီးတောင်မြို့နယ်တို့တွင် ပဋိပက္ခဖြစ်တိုင်း အသက်ဆုံးရှုံးမှုအပါအဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူများမှာ ရခိုင်တိုင်းရင်းသားများနှင့်  ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများ ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ဇွန် ၁၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးချုပ်တို့နှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့နောက် အဆိုပါအထူးကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့သည် ဇွန် ၁၇ ရက်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့၊ ရခိုင်အမျိုးသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြေပုံနှင့်စစ်တွေမြို့နယ်တို့ရှိ ဒုက္ခသည်စခန်းအချို့သို့ သွားရောက်လေ့လာခဲ့သည်။

ဇွန် ၁၈ ရက်တွင် တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမဝင် တဲထိုးနေထိုင်ကြသည့် ဘင်္ဂါလီများကို သွားရောက်တွေ့ဆုံခဲ့ပြီး  မောင်တောခရိုင် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အာဆာအကြမ်းဖက်သမားများ၏ ခေါ်ဆောင်ခြင်းခံရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများ ၊သတ်ဖြတ်ခံခဲ့ရသည့် မြိုတိုင်းရင်းသားမိသားစုဝင်များ၊ အစ္စလာမ်ဘာသာဝင်အချို့နှင့်လည်း တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာမှုမရှိသော ဘင်္ဂါလီကျေးရွာဖြစ်သော ပန်းတောပြင်ကျေးရွာသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent