ပြည်သူက ပြုလုပ်သော ၇၃ နှစ်ပြည့်မွေးနေ့ အခမ်းအနား အမည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်

ပြည်သူက ပြုလုပ်သော ၇၃ နှစ်ပြည့်မွေးနေ့ အခမ်းအနား အမည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်
Published 19 June 2018

ပြည်သူက ပြုလုပ်သော ၇၃ နှစ်ပြည့်မွေးနေ့ အခမ်းအနား အမည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ ဇွန် ၁၉ ရက်က မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏နှစ်ယောက်မရှိသော ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သည့် အတွက်ကြောင့် သူမ၏ ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း၊ ယခုကဲ့သို့ မွေးနေ့ပွဲကျင်းပရုံဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရာ၊ ကျေးဇူးဆပ်ရာ အပြည့်အ၀ မရောက်ဘဲ ၎င်း၏တာဝန်ဝတ္တရားများကို မျှဝေလုပ်ကိုင် ဆောင်ရွက်နိုင်မှသာလျှင် အပြည့်အ၀ ကျေးဇူးဆပ် ဂုဏ်ပြုရာရောက်ကြောင်း အဆိုပါပွဲတွင် ပူးပေါင်းပါဝင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

အဆိုပါပွဲတွင် ပူးပေါင်းပါဝင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီထက် ဆထက်တပိုး တိုးပြီးတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရွက်နိုင်ရန်အလို့ငှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ သက်တော်ရှည်ပါစေ၊ ဆုမွန်ကောင်းတောင်းရင်းနဲ့အတူ ယူရမယ့်တာဝန်တွေကို ကျွန်တော်တို့က တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တာဝန်သိစိတ်၊ တာဝန်ရှိစိတ်နဲ့ မျှဝေပြီးတော့ ပြည်သူလူထုရဲ့အသံ၊ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ထင်ဟပ်ပြီးတော့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်မှသာလျှင် အပြည့်အ၀ ကျေးဇူးဆပ်ရာ၊ ဂုဏ်ပြုရာရောက်မယ်လို့ သတင်းစကားပါးချင်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး ပန်းခြံအတွင်းရှိ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကာ ယခုကဲ့သို့ ကျင်းပပြုလုပ်လာသည်မှာ သုံးနှစ် သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

မဟာဗန္ဓုလပန်းခြံအတွင်း ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ပြုလုပ်ထားသော မွေးနေ့ကိတ်မုန့်ခွဲခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထားသော ကဗျာများ ရွတ်ဆိုခြင်းနှင့် ပူးပေါင်းပါဝင်လာသော ပြည်သူများအား ကြာဆံကြော်၊ ခေါက်ဆွဲကြော်များဖြင့် စတုဒိသာ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent