<

ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ကာ တစ်ရှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုအား ပထမဆုံးအမှုဖွင့်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျောစိုက်ခင်း တစ်ခုအား တွေ့ရစဉ်

ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ကာ တစ်ရှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုအား သစ်တောဥပဒေ ပုဒ်မသုံးခုဖြင့် ပထမဆုံးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မေ ၅ ရက်တွင် မြစ်ကြီးနားခရိုင် လ/ထ ညွှန်မှူး ဦးနိုင်နိုင်ထွန်းမှာ ဒေသခံများ၏ တိုင်ကြားချက်ကြောင့် နန့်ဝါကြိုးဝိုင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောမှ တောင်သူစိုက် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မယ်ဇလီပင်များကို မျိုးဆက် ကြယ်ပွင့်ကုမ္ပဏီက မီးရှို့ခုတ်ထွင် ရှင်းလင်းခြင်း၊ စက်ယန္တရားဖြင့် ဖျက်ဆီးထားခြင်းများကို တွေ့ရသည့်အတွက် ဦးယိန်းချန်း (ကုမ္ပဏီတာဝန်ခံ)၊ ဒေါ်တိန့်မျှော် (ကုမ္ပဏီတာဝန်ခံ) တို့ကို ၀ိုင်းမော်မြို့မရဲစခန်းတွင် (ပ) ၅၉/၂၀၁၈၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က)/၄၂ (က)/၄၀(က)(ဂ)(ဃ) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “၀ိုင်းမော်မြို့နယ်မှာ နန့်ဝါသစ်တောကြိုးဝိုင်းအတွင်း တစ်ရှူးငှက်ပျော ကျူးကျော်စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို လမ်းညွှန်မှု တောင်းတဲ့အခါ ဥပဒေအတိုင်းပဲ ဆောင်ရွက်ဖို့ ပြန်ကြားပါတယ်။ အမှုဖွင့်တဲ့ အခြေအနေကို မသိရဘူး။ အခုက ဒေသခံတွေက စိုက်ပျိုးထားတဲ့ ကျွန်းပင်တွေ ပါတယ်ဆိုပြီး ပြောနေပါတယ်။ သစ်တောကြိုးဝိုင်းထဲမှာ ကျရောက်နေတဲ့ အခြေအနေကတော့ နိုင်ငံတကာမှာလည်း ကျွန်တော်တို့ထက်တောင် တင်းကျပ်တာတွေ ရှိနေပါတယ်။ အခုလည်း ကချင်ပြည်နယ်တစ်ခုလုံးက စာရင်းတွေကောက်ဖို့ ကော်မတီဖွဲ့ပြီး လုပ်နေပါပြီ။ တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်သွားမှာပါ”ဟု ပြောကြားသည်။

သစ်တောဥပဒေများအရ ကြိုးဝိုင်းအတွင်း ကျူးကျော်စိုက်ပျိုးပါက ပုဒ်မ ၄၀ အရ ဒဏ်ငွေကျပ် ၅၀၀၀ နှင့် ထောင်ဒဏ်ခြောက်လ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်စေ၊ တားမြစ်သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၊ ပိုင်းဖြတ်ပါက ပုဒ်မ ၄၂ အရ ဒဏ်ငွေကျပ် ၂၀၀၀၀ နှင့် ထောင်ဒဏ် နှစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ၊ ကျွန်းပင်ဖြစ်ပါက ပုဒ်မ ၄၃ (က) အရ ဒဏ်ငွေကျပ် ၅၀၀၀၀ နှင့် ထောင် ခုနစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကြိုးဝိုင်း ငါးခုရှိပြီး တာလောကြီးဒေသတွင် တာလောကြီးကြိုးဝိုင်း ၉၇၉၂ ဧက၊ မလော်ကြိုးဝိုင်း ၁၃၁၂၀ ဧက၊ အရိန္ဒမာကြိုးဝိုင်း ၁၀၆၀၃ ဧကတွင် တရုတ် တစ်ရှူးငှက်ပျောခင်းများ တိုးချဲ့နေကြောင်း သိရသည်။

June 19, 2018














Copy Protected by Chetan's WP-Copyprotect.