<

ဒဂုံမြို့သစ် လေးမြို့နယ်တွင် YBS မီနီဘတ်စ် ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲမည်ဟု တိုင်းဒေသကြီးဝန်ကြီး ပြောကြား

ဒဂုံမြို့သစ် လေးမြို့နယ်ရှိ လမ်းများကို ပြန်လည်ပြုပြင်ပြီး YBS မီနီဘတ်စ်ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ဇွန် ၁၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၄၇ ရက် မြောက်နေ့) တွင် ပြောကြားသည်။

အဆိုပါကိစ္စအား ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ရိုးမရိပ်သာမှ ကြည်စုအနောက် သိန်းတစ်ရာလမ်းမကြီး ရပ်ကွက်အတွင်းပိုင်းများ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီးနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှ ဒဂုံတက္ကသိုလ် စသည့်နေရာများသို့ YBS ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းမှုအား ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ ဒဂုံမြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွေမှာ မြို့နယ်ချင်း ချိတ်ဆက်ပြီးတော့ ပြေးဆွဲမယ့် ယာဉ်လိုင်းများကို စီစဉ်နေပါတယ်။ စီစဉ်ရာမှာလည်း မြို့နယ်အတွင်း ချိတ်ဆက်တဲ့ လိုင်းတွေက လမ်းတွေရဲ့ အနေအထားအရ မီနီဘတ်စ်ယာဉ်တွေ ဖြစ်ရမှာဖြစ်တဲ့အတွက် မီနီဘတ်စ်ယာဉ်လိုင်းများနဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောကြားသည်။

ထို့ပြင် မီနီဘတ်စ် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရေးအတွက် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ လမ်းများကို စီမံချက်ဖြင့် ပြုပြင်ပြီး ယာဉ်လိုင်းများ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

June 19, 2018














Copy Protected by Chetan's WP-Copyprotect.