ဥပဒေ ချိုးဖောက်မှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ဆိုင်ကယ်ကယ်ရီများကို အရေးယူလျက်ရှိပြီး တရားဝင် ဂိတ်သတ်မှတ်ပေးရန် မရှိသေးကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

ဥပဒေ ချိုးဖောက်မှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ဆိုင်ကယ်ကယ်ရီများကို အရေးယူလျက်ရှိပြီး တရားဝင် ဂိတ်သတ်မှတ်ပေးရန် မရှိသေးကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 19 June 2018

ဥပဒေ ချိုးဖောက်မှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ဆိုင်ကယ်ကယ်ရီများကို အရေးယူလျက်ရှိပြီး တရားဝင် ဂိတ်သတ်မှတ် ဆောင်ရွက်ရန် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၄၆ ရက်မြောက်နေ့) အစည်းအဝေးတွင် ပြောကြားသည်။

မော်တော်ဆိုင်ကယ်များကို ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပါ ဆိုင်ကယ်များကို အငှားယာဉ်အဖြစ် ပြေးဆွဲ ဆောင်ရွက်ခြင်းကို ခွင့်မပြုထားကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

“တရားဝင် ဂိတ်သတ်မှတ် ဆောင်ရွက်ခြင်း လက်ရှိတော့ ကျွန်တော်တို့ မဆောင်ရွက်ပေးနိုင်ပါဘူး။ ဆက်လက်ပြီးတော့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ဆွေးနွေးပြီး လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူ သွားလာမှု အဆင်ပြေရေးအတွက် ပြေးဆွဲနေကြသော်လည်း ဥပဒေချိုးဖောက်မှုတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိတဲ့ ဆိုင်ကယ်များကို အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် မရှိသည့်မြို့နယ်များကို ကြေညာထားပြီး အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးသင့်သော်လည်း ဆိုင်ကယ် စီးနင်းခွင့်ကို အလွဲသုံးစားပြု၍ ရာဇဝတ်မှု ကျူးလွန်ခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ် ပိုမိုများပြား စီးနင်းခြင်းရှိသည့်အတွက် စဉ်းစားဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

လက်ရှိ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရန်အတွက် ပူးပေါင်းအဖွဲ့များကို ထားရှိပြီး ပထမအဆင့် အနေဖြင့် မြို့တွင်းမြို့နယ်များကို မဝင်ရောက်ရန်နှင့် ဖမ်းဆီးရန် ၂၅ နေရာကို သတ်မှတ်ထားကာ ဒုတိယအဆင့်အနေဖြင့် ၁၀ နေရာ သတ်မှတ်၍ ဆိုင်ကယ်များ ဖမ်းဆီးရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် မြို့နယ်များမှာ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်တို့ဖြစ်ပြီး ကျန်မြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားသည်။

ထို့ပြင် မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိသည့် မြို့နယ်များတွင် စီးနင်းသည်ကို စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent