မထသမှ လွှဲပြောင်းရယူထားသည့် မြေကွက် ၁၃ ခုအနက် ကိုးနေရာအား YBS ကုမ္ပဏီ ခြောက်ခုကို ယာဉ်ရပ်နားကွင်းနှင့် ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုရန် ငှားရမ်းထားဟုဆို

မထသမှ လွှဲပြောင်းရယူထားသည့် မြေကွက် ၁၃ ခုအနက် ကိုးနေရာအား YBS ကုမ္ပဏီ ခြောက်ခုကို ယာဉ်ရပ်နားကွင်းနှင့် ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုရန် ငှားရမ်းထားဟုဆို
Published 19 June 2018

မထသမှ လွှဲပြောင်းရယူထားသည့် ယာယီအသုံးပြုခွင့်လိုင်စင်များ ရရှိထားသည့် မြေကွက် ၁၃ ကွက်အနက် ကိုးနေရာအား YBS  ကုမ္ပဏီခြောက်ခုကို ယာဉ်ရပ်နားကွင်းနှင့် ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုရန် ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇွန် ၁၈ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မထသမှ YRTA သို့ လွှဲပြောင်းယူရာတွင် မည်သည့်နေရာများ၌ မြေကွက်အလွတ် မည်မျှရှိခဲ့သနည်းနှင့် ယခုအချိန်တွင် ငှားရမ်းခွင့် သက်တမ်းကုန်ဆုံးနေသော စာချုပ်များ ရှိ မရှိကို သိရှိလိုပါကြောင်း မေးမြန်းရာ၌ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ လွဲှပြောင်းယူတဲ့အချိန်မှာ မြေကွက်အလွတ် မရှိပါဘူး။ အသုံးပြုဆဲမြေ ကွက်ကတော့ ယာယီအသုံးပြုခွင့်လိုင်စင်ရရှိတဲ့ မြေကွက် ၁၃ နေရာနဲ့ ဂရန်အမည်ပေါက် ခုနစ်နေရာရှိပါတယ်။ ဂရန်အမည်ပေါက် ခုနစ်နေရာနဲ့ ယာယီအသုံးပြုခွင့်မြေနေရာကို တစ်နှစ်ချင်းစာချုပ်ချုပ်ထားတဲ့ မြေကွက်တွေ ရှိပါတယ်။ အဲဒီမြေကွက် ၁၃ နေရာကတော့ ရွှေပြည်သာမြို့နယ် မြေကွက်အမှတ် (၂၄၅)မြေတိုင်းရပ်ကွက် အမှတ် (၈) ၀ ဒသမ ၉၀၆၈ ဧကမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သုံးနှစ်ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိထားပြီး လက်ရှိ Power Eleven ကုမ္ပဏီကို အသုံးပြုခွင့်ပေးထားပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်း၌ မြေကွက်အမှတ် ၂၊ မြေတိုင်းရပ်ကွက်(၁၄)တွင် ၁ ဒသမ ၈၃၆ ဧကကို YCDC မှ တစ်နှစ်ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိထားပြီး YRTA အမည်ဖြင့် ယာယီမြေအသုံး ပြုခွင့်ရရှိပြီး ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြေတိုင်းရပ်ကွက် (၅၄၅)၊ မြေကွက်အမှတ်(၅၁) ၌ ၁ ဒသမ ၈၃၇ ဧကမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်နှစ် ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိထားပြီး YUPT ၏ ယာဉ်ရပ်ဝန်းအဖြစ် အသုံးပြုနေခြင်းဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြေတိုင်းရပ်ကွက် (၁၀) ရုံးကွက်၊ မြေကွက် အမှတ် (၂၆) ဧရိယာ ၂ ဒသမ ၃ ဧကရှိ မြေနေရာအား မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်နှစ်ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိပြီး YUPT ကုမ္ပဏီမှ ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုထားပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ပုဂံလမ်းမကြီး၊ မြေကွက်အမှတ် (၈၈၃ / ၆၈)၊ (၅၃) ရပ်ကွက်၌ ၁ ဒသမ ၆၅၈ ဧကမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်နှစ်ယာယီမြေ အသုံးပြုခွင့်လိုင်စင် ရရှိပြီး GYCT ကုမ္ပဏီမှ ယာဉ်ရပ်ဝန်းအဖြစ်အသုံး ပြုနေပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြေကွက်အမှတ် (၂၉၆) မြေတိုင်းရပ်ကွက် (၁၅) ၌ ၁ ဒသမ ၂၆၅ ဧကမှာ YCDC မှ တစ်နှစ် ယာယီမြေအသုံးပြုခွင့်လိုင်စင် ရရှိထားပြီး နှစ်ထပ်တိုက်တစ်လုံး၊ တစ်ထပ်တိုက် တစ်လုံးရှိပါကြောင်း ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် တောင်ဥက္ကလာပမြို့နယ် မြေကွက်အမှတ် (၂၉၇)၊ မြေတိုင်းရပ်ကွက်(၁၅) ၌ ၁ ဒသမ ၅၆၆ ဧကမှာ YCDC မှ တစ်နှစ်ယာယီမြေ အသုံးပြုခွင့်လိုင်စင်ရရှိထားပြီး ယာဉ်ရပ်ဝန်းအဖြစ် အမြင့်မြတ်ဆုံးအင်အာ ကုမ္ပဏီမှ အသုံးပြုနေပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာလီလမ်း (၄၈/ ၃၀၃) ၌ ၁ ဒသမ ၃၈၀ ဧကမှာ YCDC မှ တစ်နှစ်ယာယီမြေ အသုံးပြုခွင့်လိုင်စင် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် ပုဂံလမ်းမကြီး (၁၄) ရပ်ကွက် မြေကွက်အမှတ် (၃၉၁) ၁ ဒသမ ၈၆၀ ဧကအား  YCDC မှ တစ်နှစ်ယာယီမြေ အသုံးပြုခွင့်လိုင်စင်ရရှိထားပြီး YUPT ကုမ္ပဏီက စက်ပြင်ဌာနအဖြစ် အသုံးပြုနေပါကြောင်း၊ (၁၀) သာကေတမြို့နယ် (၁၀)တောင်ရပ်ကွက်၌ ၁ ဒသမ ၆၁၄ဧကမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သုံးနှစ် ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိထားပြီး YBPC Co..,Ltd ယာဉ်ရပ်နားရပ်ဝန်းအဖြစ် အသုံးပြုနေပါကြောင်း၊ သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက် (၈) ၌ ၂၅၀ × ၁၂၅ ပေရှိမြေအား  YCDC မှ တစ်နှစ်ယာယီမြေအသုံးပြုခွင့်လိုင် စင်ရရှိထားပြီး YBPC Co.,Ltd  ၏ ယာဉ်ရပ်နားရပ်ဝန်းအဖြစ် အသုံးပြုထားပါကြောင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်း၊ မြေကွက်အမှတ် (၁၃၁၈) မြေတိုင်းရပ်ကွက် (၆) ရှိ ၀ ဒသမ ၄၅၃ ဧကမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တစ်နှစ်ယာယီမြေ အသုံးပြုခွင့်လိုင်စင်ခွင့်ပြုထားပြီး YPUT ကုမ္ပဏီမှ ယာဉ်ရပ်နားရပ်ဝန်းအဖြစ် အသုံးပြုနေခြင်းဖြစ်ပါကြောင်း၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် မြေကွက်အမှတ် (၇၈၉ / ဘီ)၊ (၃)ရပ်ကွက် လ / ၃၊ ၀ ဒသမ ၆၉ ဧက၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပုံစံ-၁၀၅ ရရှိပြီး ရွှေတောင်ပိုင်း ကုမ္ပဏီမှ ယာဉ်ရပ်နားရပ်ဝန်းအဖြစ် အသုံးပြုနေပါကြောင်း ဝန်ကြီးက ပြောကြားသည်။

“အမှတ်စဉ် (၁) နှင့် (၂) မှအပ ကျန်မြေကွက်များအတွက် မ.ထ.သမှ YRTA အမည် ပြောင်းခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို YCDC နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ YRTA အမည်ပေါက်ပြုလုပ်ခြင်းတို့ကို  လက်ရှိဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent