ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်း၊ ချင်းယားနှင့် ပခန်းငယ်ကျေးရွာတို့တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်ပြီး နေအိမ် ၂၅ လုံး ရွှေ့ပြောင်းထားရ

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်း၊ ချင်းယားနှင့် ပခန်းငယ်ကျေးရွာတို့တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်ပြီး နေအိမ် ၂၅ လုံး ရွှေ့ပြောင်းထားရ
Published 19 June 2018

ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကြုံတွေ့နေသည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဉ်

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်း၊ ချင်းယားနှင့် ပခန်းငယ်ကျေးရွာတို့တွင် ယခုနှစ် မြစ်ရေတက်ကာလစတင်ချိန် ဇွန်လတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်နေပြီး နေအိမ် ၂၅ လုံး ရွှေ့ပြောင်းထားရကြောင်း သိရသည်။

ယခင်နှစ်ကတည်းက ကမ်းပြိုမှု စတင်ခံစားနေရသည့် ချင်းတွင်းမြစ်ကမ်းဘေး မီးလောင်ကျွန်းကျေးရွာမှာ ယခုနှစ်တွင် အိမ် ၂၃ လုံး ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းမှုပြုလုပ်ထားရပြီး ချင်းယားကျေးရွာတွင် နေအိမ်တစ်လုံး  ပခန်းငယ်ကျေးရွာတွင် နေအိမ်တစ်လုံး ရွှေ့ပြောင်းထားရသည်။

ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းရသည့် နေအိမ် ၂၅ လုံးမှ မီးလောင် ကျွန်းကျေးရွာတွင် ၁၁၃ ဦး ၊ ချင်းယားကျေးရွာတွင် ခြောက်ဦးနှင့် ပခန်းငယ်ကျေးရွာတွင် ၁၀ ဦး ရေဘေးသင့်ခဲ့ပြီး နေထိုင်ရေး၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်။

“မနှစ်က ရေတက်ကတည်းက ဖျက်ပြီးရွှေ့ထားတာ။ ပြန်မဆောက်နိုင်သေးတာရော ဆောက်စရာမရှိသေးတာရောကြောင့် သမီး အိမ်သွားနေ နေတာ။ အခုသမီးအိမ်ကလည်း ဖျက်ပြီး ပြောင်းရတာဆိုတော့ အတော်လေး ခက်ခဲနေတာပေါ့။ ဘယ်အိမ်သွားနေလို့ နေရမယ်ကို မသိတော့ဘူး” ဟု မီးလောင်ကျွန်း ကျေးရွာမှ မစန်းရီက ပြောကြားသည်။

နေအိမ်ရွှေ့ပြောင်းရသူများနှင့် ပတ်သက်၍ ပခုက္ကူခရိုင်ဘေးအန္တရာယ် စီမံခန့် ခွဲမှု ကော်မတီမှ နေအိမ်တစ်လုံးလျှင် တစ်သိန်းကျပ်ဖြင့် ၂၅ သိန်းကျပ်၊ လူတစ်ဦးလျှင် တစ်ပတ်စာရိက္ခာထောက်ပံ့ငွေ ကျပ် ၂၁၀၀ ဖြင့် ကျပ်  ၂၀၇၉၀၀ ထောက်ပံ့ပေးထားကြောင်း သိရသည်။

“ရွာအနောက်ဘက် ရေစကြိုမြို့ဘက်က ခြမ်းကလည်း ချင်းတွင်းမြစ်ရေလာလို့ ရေတိုက်စားလို့ ပြိုတယ်။ ရွာခေါင်းရင်းဖက်ကလည်း ဧရာဝတီမြစ်ရေလာလို့ ပြိုတယ်။ မြစ်နှစ်မြစ်ကြားညှပ်ပြီး အတော်ဒုက္ခရောက်နေတာ။ ကမ်းကလည်း ဆက်တိုက်ပြိုနေတော့ ၂၃ လုံးဖျက်ရွှေ့ပြီးသွားပြီ။ နောက်ရက်တွေ လည်း ပြိုနေသေးရင်တော့ ဆက်ရွှေ့ရမှာပဲ” ဟု မီးလောင်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်းကျေးရွာမှာ စိုက်ပျိုးမြေအများအပြား ဆုံးရှုံးနေသည့်အတွက် ပြီးခဲ့သည့် မြစ်ရေကျကာလစိုက်ပျိုးရာသီတွင် လုပ်စားမြေမရှိသလောက် နည်းပါးသွားသည့်အတွက် အခြားရွာများသို့ နေ့စားလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ရသည်။

ရေစကြိုမြို့နယ်တွင်း ချင်းတွင်းမြစ်နံဘေးရှိ ကျေးရွာများ ရေတိုက်စားခံနေရသကဲ့သို့ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ပေါင်းဆုံ စီးဆင်းသည့် ဧရာဝတီမြစ်တွင်လည်း ကမ်းပြို မှုများ ဖြစ်ပေါ်နေပြီး ဗလဗကျေးရွာမှာ လူနေအိမ်များသာမက ကျေးရွာဘုန်းတော်ကြီး ကျောင်းပါ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

ရေစကြိုမြို့နယ် ဗလဗကျေးရွာမှာ ဘုန်းတော်ကြီးကျောင်း၊ သိမ်ကျောင်းများနှင့် လူနေအိမ်များ ဖျက်သိမ်းရွှေ့ ပြောင်းနေရသကဲ့သို့ ရှေးအစဉ်အဆက် တည်ထားကိုးကွယ်ခဲ့သည့် စေတီမှာလည်း ကမ်းပါးနှင့် ၁၀ ပေ ခန့်သာ ကွာဝေးတော့သည့်အတွက် အဆိုပါ စေတီမြစ်အတွင်းပြိုကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် ၂၀၁၇ ခုနှစ် ရေ တက်ရေကျကာလ၌ ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် နွယ်နီ၊ ဇရပ်နီ ၊ ချင်းယား၊ ဗလဗ၊ ပေါက်တောကျွန်း ၊ ပုခန်းငယ်၊ ကျောမကြား ၊ ကွေ့ထောင့် ၊ နတ်ညွှန်း နှင့် မီးလောင်ကျွန်းရွာတို့တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်ကာ နေအိမ် ၁၂၅ လုံး ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

Most Read

Most Recent