သတို့သမီးအပ်ရန်သွားသည့် စက်လှေသောင်တင်သဖြင့် လှေပေါ်ပါ လူခြောက်ဦးအား သဲသောင်ခုံပေါ်တွင် ထားခဲ့ပြီး ရေလမ်းကြောင်းရှာစဉ် ရေတက်လာသဖြင့်ကူးခပ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး

သတို့သမီးအပ်ရန်သွားသည့် စက်လှေသောင်တင်သဖြင့် လှေပေါ်ပါ လူခြောက်ဦးအား သဲသောင်ခုံပေါ်တွင် ထားခဲ့ပြီး ရေလမ်းကြောင်းရှာစဉ် ရေတက်လာသဖြင့်ကူးခပ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး
Published 19 June 2018

ရခိုင်ပြည်နယ် သံတွဲခရိုင်  တောင်ကုတ်မြို့နယ် ချက်ဖောက်ကျေးရွာအုပ်စု တောင်ကြီးကျေးရွာမှ သတို့သမီး အပ်ရန်သွားသည် စက်လှေတစ်စင်း သဲသောင်ပေါ်တင်နေသဖြင့် စက်လှေပေါ်ပါလာသည့် လူခြောက်ဦးအား သဲသောင်ခုံပေါ်တွင်ထားခဲ့ပြီး ရေလမ်းကြောင်းရှာနေစဉ် ရေတက်လာသဖြင့် ကူးခပ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် တောင်ကြီးကျေးရွာမှ (ဘ) ဦးမောင်ဝင်း၏သား ကျော်သိန်းလင်းနှင့် ကျောက်ဝေကျေးရွာမှ (ဘ) ဦးမောင်သန်းစိန်၏သမီး မခိုင်ဇင်ထက်တို့ နှစ်ဦး သဘောတူပေါင်းသင်းကြရာ သတို့သားဘက်မှ သတို့သမီး မိဘထံသို့ လူကြီးမိဘများနှင့် သတို့သမီးအပ်ရန် ဇွန် ၁၇ ရက် နံနက်ပိုင်းက ရေကြောင်းခရီးဖြင့် သွားရောက်စဉ် ရေလမ်းကြောင်းမှားပြီး နေ့လယ် ၁၂ နာရီခန့် တွင် သဲသောင်ခုံပေါ်တင်နေသဖြင့် စက်လှေ ပေါ် တွင်ပါလာသည့် သတို့သား၊ သတို့သမီးအ ပါအဝင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားလေးဦး၊ ပေါင်းခြောက်ဦးအား သဲသောင်ပေါ်တွင်ထားခဲ့ပြီး စက်လှေမောင်းသူ ဦးမောင်ဆန်းမြင့်မှာ ရေလမ်းကြောင်းရှာဖွေရန် စက်လှေနှင့်ထွက်သွားရာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စက်လှေနစ်မြုပ်ကာ စက်လှေကိုဖက်တွယ်ပြီး ကူးခပ်နေသည်ကိုတွေ့မြင်ရသဖြင့် သောင်ခုံပေါ်တွင် ကျန်ခဲ့သူများကလည်း ဒီရေတက်လာသဖြင့် ချက်ဖောက်ကျေးရွာဘက် ကမ်းသို့ကူးခပ်ကြရာ အသက် ၇၀ ကျော် လူကြီးနှစ်ယောက်မှာ ရေနစ်မြုပ်သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“သတို့သမီးအပ်ဖို့သွားကြတာပါ။ ဆင်တင်ဓာတ်တော်အောက်ဘက် ကညင်တောင် အနီးနဲ့ အောင်စည်သာကျေးရွာအနီး သဲသောင်မှာ စက်တင်တယ်။ စက်လှေမှာပါတဲ့ လူတွေကို သဲခုံမှာခဏဆင်းခိုင်းပြီး စက်လှေမောင်းတဲ့လူက ရေလမ်းကြောင်းလိုက်ရှာတယ်။ လမ်းကြောင်းလိုက်ရှာနေတဲ့ အချိန်မှာပဲ မိုးနဲ့လေနဲ့ တိုက်လာတော့ စက်လှေနစ်မြုပ်သွားတယ်။ စက်လှေမောင်းသူကတော့ လှေနဲ့အတူ ဖက်တွယ်ပြီးကမ်းကို ရောက်သွားတယ်။ စက်လှေနစ်မြုပ်နေတဲ့အချိန်မှာ သဲသောင်ခုံမှာ ကျန်လိုက်တဲ့လူတွေကလည်း စက်လှေမောင်းသူကတော့  ရေနစ်နေပြီ။ ငါတို့ဆီသူလာနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ လည်းဒီနေရာမှာနေလို့ မဖြစ်တော့ဘူး။ ဒီရေကလည်း တက်လာတယ်။ မိုးလည်းရွာလေ ကလည်းတိုက်လို့ ကမ်းတစ်ဖက်ကို ရောက်အောင်ကူးမှ ဖြစ်မယ်ဆိုပြီး ကူးကြတာပါ။ ကူးတဲ့ရေစီးကလည်းပြင်း မိုးသက်လေပြင်းကလည်းတိုက်တော့ အသက် ၇၀ ကျော် လူကြီးနှစ်ယောက်ကတော့ နစ်မြုပ်သွားတာပေါ့။ တစ်ယောက်ကိုတော့ ည ၆ နာရီလောက် ပြန်တွေ့တယ်။ နောက်တစ်ယောက်ကတော့ အခုထိ ရှာမတွေ့သေးဘူး။ လူတွေကတော့ ရှာနေကြတယ်” ဟု တောင်ကြီးကျေးရွာမှ မိသားစုဝင်တစ်ဦးဖြစ်သူ မောင်ထွန်းမြင့်နိုင်က ပြောကြားသည်။

အဆိုပါ တောင်ကြီးကျေးရွာမှ ကျောက်ဝေကျေးရွာသို့ သတို့သမီးအပ်ရန် စက်လှေ ပေါ်တွင်လိုက်ပါလာသူ ခုနစ်ဦးအနက် ရေနစ်သေဆုံးသူနှင့် ပျောက်ဆုံးသူနှစ်ဦးမှာ တောင်ကြီးကျေးရွာနေ (ဘ)ဦးထွန်းဖြူ၏သား ဦးခွေးအောင် (၇၃ နှစ်) နှင့် မအီမြို့ အမှတ် (၁) ရပ် ကွက်နေ (ဘ) ဦးကျန်အေး၏သား ဦးမောင်စိုး (ခ)ဦးငထော် (၇၇ နှစ်) တို့ဖြစ်ကြပြီး မအီအမှတ် (၁) ရပ်ကွက်မှ ဦးမောင်စိုး (ခ) ဦးငထော်အား မအီဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး တောင်ကြီးကျေးရွာမှ ဦးခွေးအောင်အား မအီမီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ ရှာ/ကယ် တပ်ဖွဲ့ဝင်လေးဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပြီး ပျောက်ဆုံးကျန်နေသူတစ်ဦးအား  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်း မအီမြို့မြို့နယ် အုပ်ချုပ်ရေးဦးစီးရုံးမှ သိရသည်။

Most Read

Most Recent