FDA ဝန်ထမ်းအမျိုးသမီးအား အငှားယာဉ်မောင်းက သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့်အမှုအား နှစ်ဖက်လျှောက်လဲချက်ကြားနာကာ လာမည့်ရုံးချိန်း၌ အပြီးသတ်အမိန့်ချမည်

FDA ဝန်ထမ်းအမျိုးသမီးအား အငှားယာဉ်မောင်းက သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့်အမှုအား နှစ်ဖက်လျှောက်လဲချက်ကြားနာကာ လာမည့်ရုံးချိန်း၌ အပြီးသတ်အမိန့်ချမည်
Published 19 June 2018

FDA ဝန်ထမ်းအမျိုးသမီးအား အငှားယာဉ်မောင်းက သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့် အမှုအား နှစ်ဖက်လျှောက်လဲချက်ပေးကာ လာမည့်ရုံးချိန်း၌ အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်လျှောက်လဲချက်အား ဇွန် ၁၈ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက် ခရိုင်တရားသူကြီး(၄) တရားခွင်၌ နှစ်ဖက်ရှေ့နေနှစ်ဦးမှ လျှောက်လဲချက်ပေးခဲ့သည်။

“ဒီနေ့ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေက အပြီးသတ် လျှောက်လဲချက်ကို တင်ပြခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ မျိုးဇော်ဦး အနေနဲ့ ဒီအမှုကိုကျူးလွန်ရာမှာ မျက်မြင်သက်သေလည်း မရှိဘူး။ အမှုနဲ့ပတ်သက်ပြီး ပေါ်လွင်ထင်ရှားခြင်း မရှိခြင်း၊ အပြစ်ရှိသူ လွတ်ရင် လွတ်သွားပါစေ။ အပြစ်မဲ့သူတစ်ဦးကို လွဲမှားစွာ အပြစ်မပေးမိစေဖို့နဲ့ စွပ်စွဲခံရသူက အသက်ငယ်ရွယ်သေးတာကြောင့် အမှုကို မျှတစွာဆုံးဖြတ်ပေးဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်” ဟု အငှားယာဉ်မောင်း မျိုးဇော်ဦး ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။ အပြီးသတ်အမိန့်အား ဇွန် ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင် တရားသူကြီး (၄)၌ အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

FDA ဝန်ထမ်းအမျိုး သမီးအား ပြစ်မှု ကျူးလွန်ခဲ့သဖြင့် အငှားယာဉ်မောင်း မျိုးဇော်ဦးမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂(၁)(ဂ) ဖြင့် စွဲချက်တင်ခံထားရကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏ အလောင်းအား ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြောက်မြို့နယ် (၃၃) တိုးချဲ့ ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့သည်။

ကျူးလွန်သူ မျိုးဇော်ဦးအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ် မှ သေဆုံးသူ မရွှေရည်ဝင်းမှာ ဒဂုံမြို့နယ်သို့ ပြန်ရန် ၎င်း၏ အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ကြောင်း၊ ထိုသို့လိုက်ပါစီးနင်းစဉ် ကားငှားခနှင့်ပတ်သက်ပြီး ဈေးဆစ်ရာမှ ၎င်းတို့ နှစ်ဦးမှာ စကားများခဲ့ရာမှ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု မျိုးဇော်ဦးက ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

Most Read

Most Recent