မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျွန်းနှင့်ဆောက်လုပ်ထားသည့် ရှေးဟောင်းအဆောက်အအုံများ ပြန်လည်အသုံးပြုရန်ရည်ရွယ်ပြီး ကျွန်းစိုက်ခင်း ၁၅ ဧက ဖော်ဆောင်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျွန်းနှင့်ဆောက်လုပ်ထားသည့် ရှေးဟောင်းအဆောက်အအုံများ ပြန်လည်အသုံးပြုရန်ရည်ရွယ်ပြီး ကျွန်းစိုက်ခင်း ၁၅ ဧက ဖော်ဆောင်မည်
Published 19 June 2018

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျွန်းနှင့်ဆောက်လုပ်ထားသည့် ရှေးဟောင်း အဆောက်အအုံများ ပြန်လည်အသုံးပြုရန် အတွက်ရည်ရွယ်ပြီး တိုင်းဒေသကြီး အစီအစဉ်နှင့် ကျွန်းစိုက်ခင်း ဧက ၁၅ ဧက ဖော်ဆောင်ရန်အတွက် ပြင်ဦးလွင်ခရိုင်အတွင်းတွင် နေရာရှာနေသည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းညွှန်ကြားရေးမှူးဦးတင့်ဆွေက ပြောကြားသည်။

“မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့က အမြော်အမြင်နဲ့ ဒီလိုရှေးဟောင်း အဆောက်အအုံတွေမှာ သုံး ဖို့အတွက် အခုကတည်းကစပြီး စိုက်ခင်းပေါ့။ တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ တကယ်ကျွန်းဖြစ်ထွန်းတဲ့ နေရာတွေမှာစိုက်ဖို့အတွက် ကျွန်တော်တို့လည်း နေရာရှာဖွေနေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွန်းစိုက်ခင်းစိုက်တာ ပထမဦးဆုံး ဖြစ်မယ်။ ကျွန်တော်တို့လည်း တကယ်အောင်မြင်ဖြစ်ထွန်းဖို့ ဆန္ဒရှိပါတယ်။ တစ်ခုပဲရှိတာက ဒီအချိန်က မိုးကျနေပြီဆိုတော့ ကျွန်တော်တို့ သစ်တောဦးစီးဌာနက စိုက်ခင်းတွေဆို အခုချိန်ဆို စိုက်ပျိုးနေကြပြီ။ ရှာပေးတဲ့နေရာက တကယ်တမ်းဆိုရင် မြေနေရာကို ရှင်းလင်းရပြုပြင်ရမယ်။ ကျွန်းစိုက်ခင်းစိုက်မယ်ဆိုရင် ကျွန်တော်တို့မှာ ပျိုးပင်တွေရှိတော့လည်း မြေကြီးက ပြင်မထားရသေးရင် ဒီနှစ်စိုက်ဖို့ မီချင်မှ မီမယ်။ အထူးသဖြင့် ပြင်ဦးလွင်ခရိုင် အောက်မှာရှိတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းပေါ့။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ စိုက်ခင်းတွေမှာ နေရာလွတ်ရှိပေမယ့်  အဝေးကြီး ဖြစ်နေတယ်။ ထိန်းသိမ်းဖို့ခက်မယ်။ ထုတ်လုပ်ဖို့ ခက်တာမျိုး မဖြစ်စေချင်ဘူး။ တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ စိုက်တဲ့ ကျွန်းစိုက်ခင်းဆိုတော့ ကျွန်တော်တို့ကလည်း လွယ်လွယ်ကူကူ ထိန်းသိမ်းလို့ရတဲ့နေရာ၊ အများပြည်သူ ပြသဖို့နေရာဖြစ်ဖို့ အတွက် အသေးစိတ် နေရာရှာနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သာစည်မြို့နယ်တို့တွင် စီးပွားရေး ကျွန်းစိုက်ခင်းနှင့် စီးပွားရေး ပိတောက်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးခဲ့ပြီးဖြစ်ကာ  ပြင်ဦးလွင်မြို့နယ်နှင့် ရဲရွာရေလှောင်တမံ၏ ရေဝင်ဧရိယာများတွင် ရေဝေရေလဲစိုက်ခင်းများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများအနေဖြင့် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်နှင့် မလှိုင် မြို့နယ်တို့တွင် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် ၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း စီးပွားရေး ကျွန်းစိုက်ခင်းနှင့် စီးပွားရေး ပိတောက်စိုက်ခင်းများ၊ ရေဝေရေလဲ စိုက်ခင်းများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်နိုင်ရန်အတွက် ယခုနှစ်ဘဏ္ဍာနှစ် ခြောက်လပတ်မှစတင်၍ သစ်စေ့စုဆောင်းခြင်း၊ မြေနေရာ တိုင်းတာခြင်း၊ မြေနေရာရွေးချယ်ခြင်း၊ ပျိုးဥယျာဉ်နေရာရွေးချယ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

Most Read

Most Recent