တောင်ငူခရိုင် အုတ်တွင်းမြို့တွင် အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲကျင်းပစဉ် နှစ်ဖက်အသင်းရန်ဖြစ်၍ ဘောလုံးသမားတစ်ဦး သေဆုံးသွားသည့်ဖြစ်စဉ်မှ ကစားသမားငါးဦးအား ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်များချမှတ်

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲကျင်းပစဉ် နှစ်ဖက်အသင်းရန်ဖြစ်၍ ဘောလုံးသမားတစ်ဦး သေဆုံးသွားသည့်ဖြစ်စဉ်မှ ကစားသမားငါးဦးအား ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်များချမှတ်
Published 19 June 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မြို့မဘောလုံးကွင်း၌ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင် ၅ ရက် ညနေပိုင်းက အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် နှစ်ဖက်အသင်း ခိုက်ရန်ဖြစ်ပွားရာမှ ဘောလုံးသမားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ကစားသမားငါးဦးအား ၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်က ထောင်ဒဏ်ငါးနှစ်စီ ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း တောင်ငူခရိုင် တရားသူကြီးရုံးက သိရသည်။

အမိန့်ချမှတ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး တောင်ငူခရိုင်တရားသူကြီး ဦးမြင့်ဆွေက “အုတ်တွင်း ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ တောင်ငူခရိုင်တရားရုံးရဲ့ ရာဇဝတ်ပြစ်မှုအမှတ် ၃၈/၂၀၁၆ အမှုမှာ ကိုလေးလွင်ကနေပြီးတော့ တရားလိုလုပ်ပြီးတော့မှ နိုင်နိုင်ဦးပါ ၁၃ ဦးကို တရားစွဲထားတာ။ တရားစွဲတဲ့နေရာမှာ သက်သေအားလုံး ၃၆ ယောက် စစ်တယ်။ ၃၆ ယောက်စစ်ပြီးတော့မှ အဲဒီမှာ တရားခံအောင်စန်းလင်း၊ ကျော်မျိုးလင်း၊ ကျော်တေဇာစိုး အဲဒါကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုပြီး စွဲချက်မတင်ခင်လွှတ်တယ်။ နောက်ပြီးတော့ တရားခံ စီလေး၊ တရားခံ သန်းမြင့်၊ တရားခံ ရန်နောင်စိုးတို့ကို စွဲချက်တင်ဖို့ အကြောင်းမရှိတော့ စွဲချက်မတင်ဘဲ လွှတ်ထားတယ်။ အဲဒီနောက် စွဲချက်တင်ပြီဆိုတော့ ပုဒ်မ ၃၀၂ နဲ့ စွဲချက်တင်တယ်။ တင်ပြီးတော့ ဆက်လက်စစ်ဆေးတယ်။ စစ်ဆေးပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်း လျှောက်လဲချက်ကြားနာတယ်။ ကြားနာပြီးတော့မှ အမိန့်ချတာ။ ၁၅.၆. ၂၀၁၈ မှာ အမိန့်ချတယ်။ အမိန့်ချတဲ့နေရာမှာ တရားခံနိုင်နိုင်ဦး၊ ထက်မြက်အောင်၊ ကျော်ဇော်လင်း (ခ)အာကာ (ခ) ကာကာ၊ စိုးမြင့် (ခ) ဝေယံဦး၊ ဇင်ကိုမင်းတို့ကို ပုဒ်မ ၃၂၅ အရ အလုပ်နဲ့ ထောင်ဒဏ်ငါးနှစ်စီချတယ်။ နောက်တစ်ခုက တရားခံဇင်မင်းသူ၊ ထွန်းမင်းလတ်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၈ အရ အမှုမှ အပြီးအပြတ် လွှတ်လိုက်ပါတယ်။ အမိန့်ချပြီးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ပြီးသွားပြီပေါ့ဗျာ။ ဒါပေမဲ့ တရားခံရဲ့ အခွင့်အရေးရှိတယ်။ တရားလိုရဲ့ အခွင့်အရေးရှိတာပေါ့။ တရားလိုကလည်း သူ့အနေနဲ့ ပြစ်ဒဏ်နည်းရင် တက်ခွင့်ရှိတာပဲ။ တရားခံတွေကလည်း သူတို့ကကျတာများ တယ်ထင်ရင် တက်ခွင့်ရှိတာပဲ။ ဒါကို အယူခံ ပြင်ဆင်တက်ကြပေါ့” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင် ၅ ရက် ညနေ ၃ နာရီခွဲခန့်က အုတ်တွင်းမြို့မ ဘောလုံးကွင်း၌ မဲကုန်းရပ်ကွက်အသင်းနှင့် ဝဲဒေါင့်ကျေးရွာအုပ်စု အသင်းတို့ အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း၊ ပထမပိုင်းပွဲကစားချိန် မိနစ် ၃၀ ခန့်၌ ဝဲဒေါင့်ကျေးရွာအုပ်စုအသင်းမှ ဇင်ကိုမင်း၏ ကစားပုံကြမ်းတမ်းသဖြင့် မဲကုန်းရပ်ကွက်အသင်းမှ ထက်မြက်အောင်၊ ဇင်မင်းသူတို့က လက်သီးဖြင့်ထိုး၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုအား ထိန်းသိမ်းခဲ့ပြီး တာဝန်ရှိသူများက ပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း၊ ဒုတိယ ပိုင်းပွဲစချိန် ၁၅ မိနစ်ခန့်အကြာ၌ ဝဲဒေါင့်ကျေးရွာအုပ်စုအသင်းမှ ညီညီလင်းအောင်အား မဲကုန်းရပ်ကွက်အသင်းမှ အသင်းသားများက လက်သီးဖြင့်ဝိုင်းထိုးခဲ့ရာ ညီညီလင်းအောင်မှာ လဲကျသွားခဲ့ကြောင်း၊ လဲကျနေစဉ် မဲကုန်းအသင်းအုပ်ချုပ်သူနှင့် ကျန်အသင်းသားများကလည်း ညီညီလင်းအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသဖြင့် ညီညီလင်းအောင်တွင် ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသွားသော ညီညီလင်းအောင်အား နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၂၀၁၆ ခုနှစ် ဇူလိုင် ၆ ရက် နံနက် ၄ နာရီခွဲခန့်၌ ညီညီလင်းအောင်မှာ ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ညီညီလင်းအောင်၏ ဦးလေးဖြစ်သူ ကိုလေးလွင်က တရားလိုလုပ် အမှုဖွင့်တိုင်တန်းခဲ့သောကြောင့် မဲကုန်းရပ်ကွက်အသင်းမှ ကစားသမား နိုင်နိုင်ဦးပါ ၁၃ ဦးအား အုတ်တွင်း မြို့မရဲစခန်းမှ (ပ) ၁၃၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် ကနဦး အမှုဖွင့်အရေးယူခဲ့ပြီး နှစ်နှစ်ခန့်အကြာတွင် တောင်ငူခရိုင် တရားရုံးက အမိန့်ချခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent