ပခုက္ကူဒေသ၏ အဓိက လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းဈေးမှာ သြဂုတ် ၂၂ ရက် ဈေးကွက်တွင် တစ်တင်းလျှင် ကျပ် ၄၅၀၀ ခန့် ရုတ်တရက်ဈေးကျဆင်းသွားပြီး တောင်သူများအခက်ကြုံ

ပခုက္ကူဒေသ၏ အဓိက လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းဈေးမှာ သြဂုတ် ၂၂ ရက် ဈေးကွက်တွင် တစ်တင်းလျှင် ကျပ် ၄၅၀၀ ခန့် ရုတ်တရက်ဈေးကျဆင်းသွားပြီး တောင်သူများအခက်ကြုံ
Published 23 August 2017

 

ပခုက္ကူဒေသ၏ အဓိကလယ်ယာထွက်ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်းဈေးမှာ သြဂုတ်၂၂ ရက် ဈေးကွက်တွင် တစ်တင်း ၄၅၀၀ ကျပ်အထိဈေးနှုန်း ရုတ်တရတ်ကျဆင်းသွားပြီး တောင်သူများ အခက်အခဲကြုံတွေ့လာကြောင်း ရောင်းဝယ်သူများထံမှ သိရသည်။

ပခုက္ကူဒေသ၏ မိုးဦးသီးနှံတစ်ခုဖြစ်သည့် ပဲတီစိမ်းသီးနှံ မှာဈေးကွက်အတွင်း စတင် ဝင်ရောက်နေဆဲသာဖြစ်ပြီး သြဂုတ် ၂၀ ရက် ဈေးကွက်အထိ တစ်တင်းလျှင် ကျပ် ၃၀၁၀၀ အထိ ပေါက်ဈေးရှိခဲ့သော်လည်း သြဂုတ် ၂၂ ရက်တွင် ကျပ် ၂၅၅၀၀ ဈေးသာ ရှိတော့ကြောင်း သိရသည် ။

ယခုကဲ့သို့ တစ်ရက်အတွင်း တစ်တင်းလျှင် ကျပ် ၄၅၀၀ အထိ ဈေးကျဆင်းရခြင်းမှာ ပဲတီစိမ်း အဓိကဝယ်လက်ဖြစ်သည့် အိန္ဒိယ နိုင်ငံမှ တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်အပေါ် ရိုက်ခတ်ခြင်းဖြစ် ကြောင်းကုန်သည်များကဆိုသည်။

“ပဲတီစိမ်းက တစ်ရာသီလုံးပေါ်တဲ့ ကုန်ပမာဏ ရာခိုင်နှုန်း ၇၀ လောက်က အိန္ဒိယ ဝယ်တာပါ။ အခု အိန္ဒိယက မဝယ်တော့ဘူးဆိုတော့ ဈေးတော်တော်လေးကျသွားတယ်။ တရုတ်ဝယ်လက်ပဲ အားထားရမယ့် အခြေအနေပါ။ တောင်သူအတွက်ရော ကုန်သည်အတွက်ပါ မကောင်းပါဘူး။ တောင်သူသဘောကတော့ သီးနှံပေါ်ရင် ပေါက်ဈေးအတိုင်း ရောင်းကြရသလို ကုန်သည်ကလည်း ဈေးမငြိမ်ရင် ရောင်းဝယ်ရ ခက်ပါတယ်” ဟု ပခုက္ကူကုန်စည်ဒိုင် အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ပဲတီစိမ်း (သေး) မှာပခုက္ကူသီးနှံဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လကုန်းပိုင်းမှစ၍ ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့ပြီး ပေါ်စ တစ်တင်း ကျပ် ၃၁၀၀၀ ပေါက်ဈေး ရှိခဲ့သော်လည်း လုပ်သားဈေးနှုန်းနှင့် သွင်းအားစု ဈေး နှုန်းများ မြင့်တက်မှုတို့ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားကြောင်း သိရသည်။

“ဒီနှစ် လုပ်သားရှားတော့ ပဲတီစိမ်း အချောတစ်တင်းရဖို့ လုပ်သားခ တစ်သောင်းကျော်လောက် ကုန်တယ်။ မျိုးစေ့ ၊ မြေသြဇာနဲ့ ပိုးသတ်ဆေး ကုန်ကျစရိတ်တွေ ထည့်တွက်ရင် တစ်တင်းနှစ်သောင်းကျော် သုံးသောင်းနီးပါး ကုန်တယ်။ အခု တစ်တင်းနှစ်သောင်းကျော်ဆိုတော့ တောင်သူအတွက် ရှုံးနေပြီ။ သတင်းတွေကလည်း အစုံကြားနေရတာ။ ဈေးတွေထပ်ကျဦးမယ်၊ အိန္ဒိယကမဝယ်ဘူး ဆိုတာတွေ။ တောင်သူကတော့ နောက်သီးနံှရင်းဖို့ ပေါက်တဲ့ဈေးနဲ့ အရှုံးခံရောင်းရမှာပဲ။ ဒီလိုဆက်တိုက်ရှုံးနေရင် နောက်နှစ် တောင်သူလုပ်ဖို့ မလွယ်တော့ဘူး” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှတောင်သူ ကိုသက်ခိုင်ကပြောကြားသည်။

 

 

Most Read

Most Recent