ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃၁ စင်တီမီတာ ကျော်လွန်ရောက်ရှိသွားပြီး ဒေသခံနှစ်သောင်းကျော် ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရ

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃၁ စင်တီမီတာ ကျော်လွန်ရောက်ရှိသွားပြီး ဒေသခံနှစ်သောင်းကျော် ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရ
Published 23 August 2017

 

ပခုက္ကူမြို့အနီးတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် သြဂုတ် ၂၂ရက် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၃၁ စင်တီမီတာ ကျော်လွန် ရောက်ရှိသွားပြီး ရေနစ်မြုပ်ဒေသများမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ဌာနဆိုင်ရာစာရင်းများအရ သိရသည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာပေါင်း ၆၂ ရွာတွင် ရေဖုံးလွှမ်းခဲ့သည့်အတွက် အိမ်ထောင်စု ၄၄၇၉  စု၊ လူဦးရေ ၂၀၄၃၈ ဦး ရေလွတ်ရာ ကုန်းမြင့်များဆီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ပခုက္ကူမြို့နယ်တွင် စာသင်ကျောင်း ၄၄ ကျောင်း ပိတ်ထားခဲ့ရပြီး အဆိုပါ ကျောင်းများမှ ကျောင်းသားကျောင်းသူများ စာသင်ကြားမှု နောက်မကျစေရန် ရက်အစားထိုး သင်ကြားမှုများ စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် မြစ်ဘေးနဲ့ အနိမ့်ပိုင်းတွေအားလုံးက အိမ်တွေ ရေဝင်သွားပါပြီ။ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု ၁၉၀ ကျော်လောက် ရှိပါတယ်။ လူဦးရေလည်း များသွားပါတယ်။ လက်ရှိမိုးလည်း ရွာတာရော၊ အရွှေ့အပြောင်း နှစ်ခါလုပ်ရတာရောကြောင့် အခက်အခဲက အနည်းနဲ့အများ ရှိကြပါတယ်။ အတော်များများက ပထမရေ ပြန်အကျမှာ ပြောင်းထားကြတာ။ အခုရေက ထင်မထားဘဲ ပြန်တက်လာတော့ ပြန်ပြောင်းကြရတယ်။ အများစုမြေအမြင့်တွေဆီ ပြောင်းရတယ်။ ရေမြန်မြန်ကျမှ အဆင်ပြေမယ်” ဟု အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းက ပြောကြားသည်။

ပခုက္ကူမြို့နယ်တွင်း ရေကြီးရေလျှံမှုကြောင့် မြစ်ရေဖုံးလွှမ်းခံရသည့် ကျေးရွာများမှ လယ်ယာလုပ်ငန်းသုံး  နွား ၊ ကျွဲ ၆၅၇၉ ကောင်နှင့် အခြားအိမ်မွေးတိရစ္ဆာန် ၃၀၀၀ နီးပါး ရေလွတ်ရာရွှေ့ပြောင်းခဲ့ရကြောင်း ဌာနဆိုင်ရာမှ ကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။

“ကျွန်တော်တို့ မြစ်လယ်က ကျွန်းရွာတွေကတော့ အိမ်အပေါ်ထပ်တွေနေကြတယ်။ အောက်ထပ်ကတော့ လုံးလုံးမြုပ်သွားပြီ။ သက် ကြီးတွေ ကျောင်းသားတွေနဲ့ မြို့ပေါ် အလုပ်လုပ်တဲ့ သူတွေကတော့ မြို့ဘက်ပြောင်းကြတယ်။ ကျန်တောင်သူလုပ်တဲ့သူတွေ့တော့ ရွာမှာပဲ။ နောက်ထပ် နှစ်ပေလောက်တက်မှ ကျွန်တော်တို့ကရွှေ့မယ်။ အိမ်ကိုလူစောင့် မရှိဘဲ ထားသွားဖို့က မဖြစ်နိုင်ဘူး။ နေလို့ရသည်ထိတော့ နေမယ်” ဟု ပခုက္ကူကျွန်းကျေးရွာမှ ဦးမျိုးမြင့်က ဆိုသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ သြဂုတ် ၂၂ရက် တိုင်းထွာချက်အရ ၂၁၈၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ၃၁ စင်တီမီတာ ကျော်လွန်ရောက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပခုက္ကူဆိပ်ကမ်း ကားလမ်းပေါ်သို့ မြစ်ရေလျှံတက်ခြင်း နှင့် မော်တော်များ ကမ်းကပ်ရန် အဆင်မပြေခြင်းများကြောင့် သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းမှစ၍ ပခုက္ကူဆိပ်ကမ်းကုန် တင်ချ ပြုလုပ်ခြင်းအား ရပ်နားလိုက်ကြောင်း ဆိပ်ကမ်းလုပ်သားများထံမှ သိရသည်။

ပခုက္ကူဆိပ်ကမ်းတွင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ပို့မော်တော်ယာဉ်များ အများဆုံး ရပ်နားရာနေရာဖြစ်ပြီးနေ့စဉ် ဆန်အိတ်ရေ တစ်သောင်းနှင့်အထက် သယ်ယူမှု ပြုလုပ်နေ ခြင်းကြောင့် အခြေခံ ကမ်းနားကုန်ထမ်းလုပ်သားများ အားထားရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

 

 

Most Recent