ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်မှု၊ မတရား အခကြေးငွေပေးရမှုနှင့် အမြတ်ထုတ်မှုများရှိပါက အရေးယူနိုင်ရန် ကျန်းမာရေးဌာနများ၌ အကြံပြုစာသေတ္တာများ ထားရှိရန် စီစဉ်

ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်မှု၊ မတရား အခကြေးငွေပေးရမှုနှင့် အမြတ်ထုတ်မှုများရှိပါက အရေးယူနိုင်ရန် ကျန်းမာရေးဌာနများ၌ အကြံပြုစာသေတ္တာများ ထားရှိရန် စီစဉ်
Published 18 June 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်မှု၊ ခွဲခြားနှိမ့်ချဆက်ဆံမှု၊ မတရားအခကြေးငွေ ပေးရမှုနှင့် အမြတ်ထုတ်မှုများ ရှိပါက အရေးယူနိုင်ရန် ကျန်းမာရေးဌာနများတွင် အကြံပြုစာသေတ္တာ (Suggestion Box) များ ထားရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

“ဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေတွေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးနဲ့ အလေအလွင့် အနည်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင် နေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဒီ၂၀၁၈ ခုနှစ်ကို သတင်းအချက်နှစ် (Year of data and information)၊ ဘဏ္ဍာနှစ်ရန်ပုံငွေများကို အကျိုးရှိစွာခွဲဝေသုံး စွဲသည့်နှစ် (year of budget) နဲ့ ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (year of staff housing) ဆိုပြီး သတ်မှတ်လုပ်ဆောင် နေတဲ့အတွက် ဒီလုပ်ငန်းတွေကို ဦးစားပေး လုပ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက ‘ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့် အသိပေးတိုင်ကြားနိုင်’ ဆိုပြီး ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ကျွန်တော်တို့ဌာနနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှုတွေရှိရင် တိုင်ကြားလို့ရအောင် စီစဉ်ခဲ့တာပါ။ တိုင်ကြားလို့ အရေးယူခဲ့တဲ့ ဖြစ်စဉ်အချို့လည်း ရှိပါတယ်။ အခုဆက်ပြီး ကျန်းမာရေးဌာနတွေမှာ အကျင့်ပျက်မှု၊ ခွဲခြားနှိမ့်ချဆက်ဆံမှု၊ အခကြေးငွေ ပေးရမှုတွေနဲ့ ပတ်သက်ပြီး လွယ်လင့်တကူ တိုင်ကြားလို့ရအောင် Suggestion Box တွေထားပေးဖို့ စီစဉ်နေပါတယ်။ အဆင်မပြေတာ၊ အကြံပေးချင်တာတွေရှိရင် ပေးပို့နိုင်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့် အသိပေးတိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ခွဲဝေရရှိသော ဘဏ္ဍာငွေများကို အကျိုးရှိပြီး ထိရောက်စွာ အသုံးပြုရေးနှင့် အလေအလွင့် အနည်းဆုံးဖြစ်ရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းများကိုလည်း ပြည်သူအကျိုးကို ဦးထိပ်ထား၍ ထင်သာမြင်သာရှိရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်သူလူထုမှ အကြံပြုချက်များ၊ အသိပေး တိုင်ကြားစာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရုံးခန်းအတွင်းရှိ [email protected] သို့ဖြစ်စေ၊ ဖက်စ်အမှတ်- ၀၆၇ ၄၁၁၁၈၉ သို့ဖြစ်စေ ၂၄ နာရီလုံး ဖုန်းဖွင့်ထားသည်ဖြစ်၍ ပေးပို့နိုင်ကြောင်း ကြေညာထားသည်။

ထိုသို့ပေးပို့ရာတွင် အကြံပြုသူ၊ တိုင်တန်းသူ၏အမည်၊ နိုင်ငံသား စိစစ်ရေးအမှတ်၊ အမြဲတမ်း နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း/ လက်ကိုင်ဖုန်း/ဖက်စ်နှင့် အီးမေးလ်တို့ရှိလျှင် ထည့်သွင်းဖော်ပြပေးပါရန်၊ အကြံပြုသူ၊ တိုင်တန်းသူသည် ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ မမှန်မကန်  လုပ်ဆောင်မှု၊ အဂတိလိုက်စားမှုများကို အထောက်အထား အချက်အလက်များဖြင့် ပူးတွဲလျက် ပြည့်စုံစွာ ဖော်ပြပေးပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခြင်း၊ တိုင်ကြားခြင်းများနှင့် ပတ်သက်၍ ပေါက်ကြားခြင်း (လုံးဝ) မရှိစေရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent