မြစ်သားမြို့ မြို့နယ်အဖွဲ့ချုပ်ဖလားဘောလုံးပွဲတွင် နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရာ နှစ်ဦးဒဏ်ရာရရှိ

မြစ်သားမြို့ မြို့နယ်အဖွဲ့ချုပ်ဖလားဘောလုံးပွဲတွင် နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရာ နှစ်ဦးဒဏ်ရာရရှိ
Published 18 June 2018

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့မှ သေနတ်ပစ်ထိန်းသိမ်းခဲ့ရပြီး နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရပ်ကွက် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်တစ်ခုဖြစ်သော မကျီးကန်ကျေးရွာနှင့် မင်းကုန်းကျေးရွာ ယှဉ်ပြိုင်သည့်ပွဲစဉ် ဖြစ်စဉ်မှာ နှစ်ဖက် ပရိသတ်များ တစ်ဖက်နှင့်တစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်၍ ရဲတပ်သားက သွားရောက်ထိန်းသိမ်းစဉ် ရဲတပ်သားတစ်ဦးအား ပရိသတ်များမှ ဝိုင်းဝန်းရိုက်နှက်ရာ ရဲတပ်သားတစ်ဦးက အသင့်ပါလာသော ၉၄ သေနတ်ဖြင့် နှစ်ချက် ပစ်ဖောက် လူစုခွဲခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။  ယင်းသို့ သေနတ်ပစ်ဖောက်မှုကြောင့် ပရိသတ်နှစ်ဦး ခြေသလုံးထိမှန်ဒဏ်ရာရရှိခဲ့ပြီး မြစ်သား ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ လွှဲပြောင်းကုသလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ မြစ်သား မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင့်ဝေလွင်က “ပွဲပြီးဖို့ ငါးမိနစ်အလို ၈၅ မိနစ် လောက်မှာ ဖြစ်သွားတာပါ ။ ရှုံးနေတဲ့အသင်း ပရိသတ်က တခြားပရိသတ်ဘက်ကို အထူးတန်းပွဲကြည့်စင်ကျော်သွားပြီး ရန်ပြုတာ။ အဲဒီလို ရန်ပြုတဲ့အခါမှာ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေက ကြားကနေ ဝင်တားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့လည်း သေနတ်သံကြားလိုက်ပေမဲ့ ဘယ်လိုဖြစ်သွားလဲဆို တာ သေချာမသိပါဘူး ။ ကျွန်တော်ကလည်း အဓိက ကွင်းတွင်းတာဝန်ဆိုတော့ ပွဲကြည့်စင်ဘက်ဖြစ်တာ သေချာဂရုမစိုက်နိုင်လိုက်ဘူး”  ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်ကို မန္တလေးတိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး “ရန်ဖြစ်တာတားရင်း သေနတ်နှစ်ချက်ဖောက်တယ်။ တစ်ချက်က မိုးပေါ်ထောင်ပစ်တယ်။ တစ်ချက်က အောက်ဆိုက်ပစ်တာ မန်ကျည်းပင်ထိ Twist ဖြစ်ပြီး လူနှစ်ယောက်ကို ခြေထောက်ထိသွားပါတယ်”ဟု ပြောကြားသည်။

ယင်းသို့ နှစ်ဖက်ပရိသတ်များ ခိုက်ရန် ဖြစ်ပွားမှုကြောင့် မြစ်သားမြို့နယ် အားကစားကွင်း ဝင်းတံခါးပျက်စီးခြင်းနှင့် ရဲတပ်ဖွဲ့အချုပ်ကား ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယင်း ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံခုံဖွဲ့ စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent