ဖြူးမြို့နယ် အနီးကို ဗဟိုပြု၍ အင်အားအသင့်တင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နာရီဝက်အတွင်း နောက်ဆက်တွဲ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့

ဖြူးမြို့နယ် အနီးကို ဗဟိုပြု၍ အင်အားအသင့်တင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နာရီဝက်အတွင်း နောက်ဆက်တွဲ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့
Published 18 June 2018

ဇွန် ၁၇ရက် ည ၇ နာရီခွဲကျော်တွင် ဖြူးမြို့နယ်၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၅ဒသမ ၁ အဆင့်ရှိ အင်အားအသင့်တင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရပြီး အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီး နာရီဝက်အတွင်းတွင် နောက်ဆက်တွဲအဖြစ် အင်အားအသင့်တင့်ရှိ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက် ည ၇ နာရီ ၅၁ မိနစ်တွင် ဖြူးမြို့နယ်၏ အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချတ်တာစကေး (၅ ဒသမ ၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ မြေငလျင် လှုပ်ရှားအပြီး ည ၈ နာရီ ၁၂ မိနစ်တွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုများအဖြစ်  ဖြူးမြို့နယ်၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် (၁၈.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး ၄ဒသမ၆ အဆင့်ရှိသည့် မြေငလျင်နှစ်ခု ဆက်တိုပ်လှုပ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၏ ပြောကြားမှုအရ သိရသည်။

''ငလျင်က အစကတော့ ၅.၁ ရှိတဲ့ အင်အားအသင့်တင့်ရှိတဲ့ ငလျင်အရင်လှုပ်သွားတယ်။ ပြီးတော့ နောက်ဆက်တွဲက ၄.၆ ငလျင်နှစ်ခု လှုပ်သွားတယ်။ အချိန်သိပ်မကွာဘူး။" ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ယခုငလျင်လှုပ်ခတ်ခဲ့သည့် နေရာသည် စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် အနီးတွင် တည်ရှိပြီး မြေငလျင်လှုပ်ခတ်မှုမှာ ရစ်ချတ်တာစကေး (၅ ဒသမ ၁) အဆင့်ရှိသည့်အတွက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ရှိမရှိအား သက်ဆိုင်ရာ ပညာရှင်များက ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း သိရပြီး အင်အား ရစ်ချတ်တာစကေး (၅ဒသမ၈) နှင့် အထက်ရှိသည့် မြေငလျင် လှုပ်ခတ်မှုများ ဖြစ်ပွားပါက နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။

ဇွန် ၁၇ ရက် ညပိုင်းတွင် ဖြူးမြို့နယ်အနီး မြေငလျင်လှုပ်ခတ်မှုအား ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် သိသိသာသာ ခံစားခဲ့ရပြီး ပြည်သူအချို့ ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ငလျင်လှုပ်တုန်းက မီးကပျက်နေတာ။ အစက ခေါင်းမူးတယ်ထင်တာ။ ပြီးတော့ ပြတင်းပေါက်တွေ ပွင့်သွားတော့ သရဲခြောက်တာလို့လည်း ထင်လိုက်မိသေးတယ်။ နောက်မှ ငလျင်လှုပ်သွားတာမှန်းသိတာ" ဟု တာမွေမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းကို ဗဟိုပြုလှုပ်ခတ်သည့် မြေငလျင် လှုပ်ခတ်မှုပေါင်း အကြိမ် ၉၀ ကျော်ရှိလာပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် (၄၂) ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြိမ်(၇၀) သာ ရှိခဲ့သည့်အတွက် ယင်းနှစ်များတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက်ထက် သိသိသာသာ များပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ စသည့် ငလျင်လှုပ်ခတ်စေသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး အင်အားရစ်ချတ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးငါးခုနှင့် ရစ်ချတ်တာစကေး ၂ မှ ၅ ထိ လှုပ်ခတ်တတ်သည့် မြေငလျင်ကြော လေးဆယ်ခန့်ရှိကာ အချိန်မရွေး ငလျင်အန္တရာယ် ကျရောက်နိုင်ကြောင်း သိရပြီး စစ်ကိုင်းပြတ်ရွေ့ကြော အနီးရှိ ဖြူးမြို့နယ်တွင် ယခုနှစ် အစောပိုင်းက ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်း၊ ရန်ကုန်မြို့တွင်လည်း ဧပြီလအတွင်း ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ရှိခဲ့သည့်အတွက် ပြည်သူများ စိုးရိမ်မှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၇၆၂ခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းဒေသတွင် အင်အားရစ်ချတ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်၊ ၁၉၃၀ တွင် ပဲခူးမြိုနှင့်ရန်ကုန်မြို့တွင် လူ ၅၅၀ ကျော်သေဆုံးခဲ့သည့် အင်အားရစ်ချတ်တာစကေး ၇ ဒသမ ၀ အဆင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၌ လူ ၈၀ ဦး သေဆုံးခဲ့သည့် အင်အားရစ်ချတ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်၊ ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင် လှုပ်ခတ်ခဲ့သည့် လူ၂၆ ဦးသေဆုံးခဲ့သော  အင်အားရစ်ချတ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်၊ ၂၀၁၆ ခုနှစ် ပုဂံဘုရားများ ပြိုကျစေခဲ့သည့် အင်အားရစ်ချတ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မကွေးငလျင်၊ ၂၀၁၇ မတ်တွင် တိုက်ကြီးုမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် မြေငလျင်စသည့် အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent