ပြည်မြို့နယ် နဝင်းချောင်း၊ မတောင့်တ ရေလွှဲဆည်အနီး ရေဆင်းချိုးသည့် ခုနစ်တန်း ကျောင်းသားနှစ်ဦး ရေနစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေ

ပြည်မြို့နယ် နဝင်းချောင်း၊ မတောင့်တ ရေလွှဲဆည်အနီး ရေဆင်းချိုးသည့် ခုနစ်တန်း ကျောင်းသားနှစ်ဦး ရေနစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေ
Published 18 June 2018

ကလေးနှစ်ဦး ရေဆင်းချိုးသည့်ချောင်းအား တွေ့ရစဉ် (ဓာတ်ပုံ - နေဇာ)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့နယ် နဝင်းချောင်း၊ မတောင့်တရေလွှဲဆည်အနီး ရေဆင်းချိုးသည့် ခုနစ်တန်းကျောင်းသားနှစ်ဦး ရေနစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ကျောင်းသားနှစ်ဦးအပါအဝင် ကလေးလေးဦးမှာ ဇွန် ၁၆ ရက် ညနေ ၄ နာရီခန့်က မတောင့်တ ရေလွှဲဆည်အောက်ဘက်ရှိ နဝင်းချောင်းအတွင်း ရေဆင်းချိုးစဉ် နှစ်ဦးမှာ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၇ ရက် နံနက် ၉ နာရီခန့်က တစ်ဦးအား သစ်ချီတင်ကျေးရွာ အနောက်ဘက်ချောင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိကာ တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ယောက်ကတော့ ဒီနေ့မနက် ၉ နာရီလောက်က ပြန်ရတယ်။ သူတို့ကလေး လေးယောက် ရေချိုးသွားတာကို နှစ်ယောက်က ရေနစ်တာပေါ့။ မတောင့်တ ရေအရင်းအမြစ်အောက် နဝင်းချောင်းထဲမှာ ဖြစ်သွားတာပါ။ ကျန်တဲ့ကလေးက လူကြီးတွေကို လာပြောမှ လိုက်ရှာကြ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားရှာတယ်။ တစ်ညလုံး မတွေ့ဘူး။ အခုမနက်မှ တစ်ယောက်ပြန်တွေ့တယ်။ သစ်ချီတင်ကျေးရွာ အနောက်ဘက်မှာ ပြန်တွေ့တာပါ။ သဖန်းချိုကျေးရွာက တစ်ယောက် ပြန်ရတာပါ” ဟု ကိုနေဇာက ပြောကြားသည်။

သေဆုံးသည့်ကလေးမှာ နတ္တလင်းအုပ်စု၊ သဖန်းချိုကျေးရွာမှ မောင်ဇော်သူရ ၁၂ နှစ်ဖြစ်ပြီး ပျောက်ဆုံးနေသည့်တစ်ဦးမှာ နတ္တလင်းကျေးရွာမှ အာကာမင်း ၁၂ နှစ်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

Most Read

Most Recent