ရန်ကုန်မြို့သစ် စီမံကိန်းတွင် တရုတ် CCCC ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားခြင်းမှာ ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိ မရှိ မေးခွန်းများကြုံနေရပြီး မြို့သစ်စီမံကိန်း၏ တိကျသေချာသော အချက်အလက်များရရှိရန် ဟောပြောပွဲကျင်းပမည်ဟု ဆို

ရန်ကုန်မြို့သစ် စီမံကိန်းတွင် တရုတ် CCCC ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားခြင်းမှာ ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိ မရှိ မေးခွန်းများကြုံနေရပြီး မြို့သစ်စီမံကိန်း၏ တိကျသေချာသော အချက်အလက်များရရှိရန် ဟောပြောပွဲကျင်းပမည်ဟု ဆို
Published 18 June 2018

ရန်ကုန်မြို့သစ် စီမံကိန်းတွင် တရုတ် CCCC ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားခြင်းမှာ ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိ မရှိ မေးခွန်းများ ကြုံနေရပြီး မြို့သစ်စီမံကိန်း၏ တိကျသေချာသော အချက်အလက်များရရှိရန် NYDC ၏ ပထမအကြိမ်ဆွေးနွေးပွဲ NYDC Town Hall ကို ဇွန် ၂၃ ရက်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း NYDC ၏ CEO ဦးသိမ်းဝေက ပြောကြားသည်။

“NYDC ကို စပြီးတည်ထောင်ခဲ့တဲ့ မတ်လကနေစပြီး ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အများပြည်သူတို့ရဲ့ အမြင်များကို လူမှုကွန်ရက်နဲ့ မီဒီယာတွေကနေတစ်ဆင့် ကျွန်တော်တို့ ကြားသိရပါတယ်။ ဒီစီမံကိန်းကို လူအများက စိတ်ဝင်စားမှုရှိတာ တွေ့ရပြီး ထောက်ခံအားပေးတဲ့သူတွေ ရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာတာလည်း တွေ့ရှိခဲ့ရပါတယ်။ အဲဒီထဲကမှ အမေးများတဲ့ မေးခွန်းတွေကတော့ အစိုးရက စီးပွားရေးလုပ်ဖို့ လိုလို့လား၊ ဒီမြို့သစ်လို စီမံကိန်းမျိုးကို ဝန်ကြီးဌာန ဒါမှမဟုတ် ကော်မတီဖွဲ့ပြီး လုပ်လို့မရဘူးလား၊ ရန်ကုန်မြို့သစ်က အကျိုးအမြတ်မရှိဘဲ ပိုက်ဆံဖြုန်းတဲ့ စီမံကိန်းဖြစ်သွားမှာလား၊ ခုလက်ရှိ ရန်ကုန်မြို့ကိုဘဲ ပိုကောင်းလာအောင် ဘာလို့ မလုပ်တာလဲ၊ တင်ဒါခေါ်ယူရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလား၊ NYDC Challenge ရဲ့ ပထမအဆင့်ကို စပြီး လုပ်ဆောင်ဖို့ China Communications Construction Company Limited (CCCC) က လုပ်ပိုင်ခွင့် ရသွားတာကကော ပွင့်လင်းမြင်သာမှု၊ မျှတမှုရှိရဲ့လား အစရှိတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ဆိုသည်။

စီမံကိန်းတစ်ခု၊ ပန်းတိုင်တစ်ခု အကောင်အထည်ဖော်ရာတွင် အရေးအကြီးဆုံးမှာ စီမံကိန်းနှင့် သက်ဆိုင်သူများအားလုံးနှင့် ထိရောက်သည့် ဆက်သွယ်မှုကွန်ရက်ရှိဖို့လိုပြီး ထိုသို့ရှိမှသာ ဘက်ပေါင်းစုံအမြင်များကို သိရှိကာ အားလုံးလက်ခံနိုင်သည့် အနေအထားတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း ဦးသိမ်းဝေက ပြောကြားသည်။

(တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေကို အပြန်အလှန် လေးစားမှုနဲ့ နားထောင်ပြီး ညှိနှိုင်းလုပ်ဆောင်သွားနိုင်ရင် ပန်းတိုင်တစ်ခုကိုရောက်မှာ သေချာပါတယ်။

ရန်ကုန်မြို့သစ်လို လူထုအတွက် အရေးပါတဲ့စီမံကိန်းမျိုးမှာ ဘက်ပေါင်းစုံက အမြင်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး အကျိုးရှိတဲ့ မူဝါဒတစ်ခု ချမှတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တစ်ခု ထွက်ပေါ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ဒီရန်ကုန်မြို့သစ် စီမံကိန်းအပေါ်မှာရှိတဲ့ မတူညီတဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ ဇွန် ၂၃ ရက်မှာ NYDC ရဲ့ ပထမအကြိမ်ဆွေးနွေးပွဲ (NYDC Town Hall) ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေ၊ ခန့်မှန်းချက်တွေအစား တိကျသေချာတဲ့ အချက်အလက်တွေ အများပြည်သူတွေ ရယူသွားနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။

NYDC Town Hall ဆွေးနွေးပွဲတွင် ဦးသိမ်းဝေအပါအဝင် Sandhi Governance Institute မှ ဦးခိုင်ဝင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးရဲမြတ်သူ၊ The Voice Weekly ဂျာနယ်မှ မန်နေဂျင်းဒါရိုက်တာနှင့် ဒုတိယအယ်ဒီတာချုပ် ဦးဇေယျသူတို့ ဆွေးနွေးမည်ဖြစ်ပြီး Strategy First Institute တည်ထောင်သူ ဦးအောင်ချစ်ခင်က Moderator အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

“လူတိုင်းမှာ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ၊ မူဝါဒ အစရှိတဲ့အချက်တွေအပေါ်မှာ အမြင်မတူနိုင်ဘဲ မိမိယုံကြည်ချက်အတိုင်း သဘောထားကွဲလွဲမှုတွေ အမြဲတမ်းရှိနေကြပါ။ ဒီလိုသဘောထား ကွဲလွဲမှုတွေကနေမှ အားလုံးလက်ခံနိုင်မယ့် အခြေခံအချက်တစ်ခု ရှာဖွေပြီး ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ နိုင်ငံသားများလူနေမှုဘ၀ တိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။

Most Read

Most Recent