မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတား အမြန်ဆုံး အကောင်အထည်ဖော်ရေး ဒလမြို့နယ်တွင် ပြည်သူ ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတား အမြန်ဆုံး အကောင်အထည်ဖော်ရေး ဒလမြို့နယ်တွင် ပြည်သူ ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်
Published 18 June 2018

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ - ကြည်နိုင်)

မြန်မာ - ကိုရီးယားချစ်ကြည်ရေး ဒလတံတား အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် ပြည်သူ ၁၀၀၀ ကျော် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲ ဒလမြို့နယ်တွင် ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခန့်က ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့နှင့် ဒလမြို့နယ် ချိတ်ဆက်သည့် တံတားတည်ဆောက်ရန် လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကတည်းက သတင်းများထွက်ပေါ်ကာ အစိုးရအနေနဲ့ သဘောတူညီမှုများ ရှိခဲ့သော်လည်း ယခုချိန်ထိ တံတားတည်ဆောက်ရန် အကောင်အထည်ဖော်မှုများ မတွေ့မြင်ရခြင်း၊ တည်ဆောက်ရေးစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ၂၁ ဦးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ နှောင့်ယှက်ကန့်ကွက်မှုများ ရှိနေသည်ဟု ဒေသခံများက ခံစားနေရခြင်းများကြောင်း ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် ဒလမြို့နယ်အတွင်း မလွတ်ကင်းသော အောင်တော်မူဘုရားကြီးနှင့် သာသနာ့အဆောက်အအုံများ၊ ပညာရေးကျောင်းများဖြစ်သော အထက(၁)၊ အလက(၅) ကျောင်းခန်းများ၊ ဆွမ်းလောင်းအသင်းကြီး၊ မြို့နယ်နာရေးကူညီမှုအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် ကြက်ခြေနီ၊ စာကြည့်တိုက်၊ ကမာကဆစ်ကူးတို့ဆိပ်၊ ငြိမ်းချမ်းရေးကူးတို့ဆိပ်၊ ဂရန်ပိုင်မြေ ၆၈ လုံး၊ ကျူးကျော်တဲနှင့် ဈေးဆိုင် ၁၂၈ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက နစ်နာကြေး၊ ကရုဏာကြေးများ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲ၏ တာဝန်ခံ ဦးဝင်းရွှေက “ယခုဆိုရင် မြင်တွေ့ရတဲ့အတိုင်း တော်တော်များများ ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ရပ်ကွက်ရဲ့ အနစ်နာခံပြည်သူတွေဟာ တာဝန်ကျေခဲ့ပါပြီ။ တာဝန်မကျေတာကတော့ ကန့်ကွက်သူ လုပ်ငန်းရှင် ၂၁ ဦးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများပဲ ဖြစ်ပါတယ်။ နေ့စဉ်ခရီးသွားပြည်သူ သိန်းနဲ့ချီပြီးတော့ ရန်ကုန်မြို့ကို ကူးနေရပါတယ်။ မိုးရာသီမှာ လေထန်မယ်၊ လှိုင်းကြီးမယ်။ ဆောင်းရာသီမှာ နှင်းတွေရှေ့တစ်လံ အကွာကိုတောင် မမြင်နိုင်အောင် ကျမယ်။ နွေရာသီမှာ အညာရေတိုးလို့ ရေစီးတအားကြမ်းမယ်။ ဒီသဘာဝဘေးအန္တရာယ်တွေကြောင့် ရှေ့က မြစ်ကြီးထဲမှာ နှစ်စဉ်နှစ်တိုင်း အသက်တွေ စတေးကြတဲ့ပြည်သူတွေ မနည်းတော့ပါဘူး။ ရရှိထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာတွေ လူ့အသက်လောက် ဘယ်ဟာမှ အရေးမကြီးသလို ဘယ်ဟာမှ တန်ဖိုးမကြီးပါ။ သက်ဆိုင်ရာ လူကြီးမင်းများ ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားကြပါလို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲ၏ ဟောပြောပွဲတွင် ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဒလမြို့နယ် မျက်ရှင်တောဆုတောင်းပြည့် မဟာသြင်္ကန် ဘုရားကြီးမုခ်ဦးဝမှ နာရီစင်ပတ်၍ ရန်ကုန်မြစ်ကမ်းနား ကမာကဆစ်ကျောက်တိုင်ရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး သဲကွင်းတွင် ဟောပြောမှုများ ပြုလုပ်ခြင်း၊ ဇွန် ၁၃ ရက်က ရန်ကုန်ဘက်မှ ဒလဘက်သို့လာစဉ် သမ္ဗာန်တိမ်းမှောက်မှုတွင် အသက်သေဆုံးလေးဦးနှင့် ရှင်ကျန်ရစ်သူများကို ကရုဏာကြေးများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးဆောင်ကော်မတီဝင် ဦးအောင်ကျော်မြင့်က “ကျွန်တော်တို့ ဒလဆိပ်ကမ်း အပါအဝင် ဧရာဝတီတိုင်းဒေသကြီးတို့ဟာ လူဦးရေပေါင်း သိန်း ၂၀ ကျော် ရှိပါတယ်။ ရန်ကုန်ဘက်ကို သမ္ဗာန်သင်္ဘောနဲ့ အားထားပြီး သွားရပါတယ်။ သမ္ဗာန်သင်္ဘောတွေဟာ ရာသီဥတု ဆိုးဝါးရင် တစ်ဖက်ကမ်းသို့သွားရန် သက်ဆိုင်ရာမှ ပိတ်လေ့ရှိပါတယ်။ ဒီအတွက် ဟိုဘက်ကမ်း အသွားအလာလုပ်ရတဲ့ ဝန်ထမ်းများဟာ အလုပ်နောက်ကျလို့ အလုပ်ရှင်က ငြိုငြင်ခြင်းကို ခံရပါတယ်။ ကျောင်းသားလူငယ်များကလည်း ကျောင်းတက်နောက်ကျလို့ အဆူအပူခံရခြင်း၊ ဆရာဆရာများကလည်း ကျောင်းတက်နောက်ကျတဲ့အတွက် မင်နီတားခံရခြင်းများ ရှိပါတယ်။ ၁၉၇၉ ခုနှစ် သင်္ဘောနစ်လို့ လူတစ်ရာကျော် သေခဲ့ပြီးပါပြီ။ နှစ်စဉ်လည်း သမ္ဗာန်နစ်လို့ သေတဲ့သူအများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့သုံးလက သမ္ဗာန်မှောက်လို့ လူလေးဦး သေခဲ့ပြီးပါပြီ။ ယခုရက်ပိုင် ဇွန် ၁၃ ရက် ည ၈ နာရီခန့်ကလည်း ရန်ကုန်ဘက်က ကူးလာတဲ့ သဗ္ဗာန်မှောက်လို့ လူလေးဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခေတ်အဆက်ဆက်ကနေ ယနေ့တိုင် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ နိမ့်ကျနေပါတယ်။ အစိုးရလူကြီးတွေက ကတိကဝိတ်ပြုထားတဲ့အတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ဘယ်ခရိုနီ ဘယ်ဌာနကြောင့်မှ နောက်မဆုတ်စေချင်ကြောင်း” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ သံဃာတော်များ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်မှ ပြည်သူများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့မှ ပြည်သူများ ပူးပေါင်းပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တံတားဖြစ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ရေးကော်မတီတွင် ပါဝင်သူ ဦးကိုကိုနိုင်က “ကျွန်တော်တို့က ဘယ်သူ့ကိုမှ အပြစ်တင်မနေပါဘူး။ ဒလပြည်သူတော်တော်များများရဲ့ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ကို ဒီတံတားကြီးဖြစ်လာမယ်ဆိုရင် အများကြီး ကောင်းမွန်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ အစိုးရကို တိုက်တွန်းချင်တာ တံတားကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ပါ။ တံတားကြီးမရှိတဲ့အတွက်ကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အရေးလည်း ခက်ခဲပါတယ်” ဟု ဆိုသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူး တံတားတည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရှင်းလင်းပွဲကို ဇွန် ၁၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကန့်ကွက်ခြင်းမရှိဘဲ ဆိပ်ကမ်းလုပ်ငန်းများ ထိခိုက်မှုမရှိသည့် တံတားပုံစံ တည်ဆောက်ရန်သာ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent