ရှစ်လေးလုံး ပြည်သူ့ပါတီအမည်ကို ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ စုံညီအစည်းအဝေး ခေါ်ယူပြီးမှသာ ပါတီအမည်ကိစ္စ ဆွေးနွေး ဆုံးဖြတ်မည်

ရှစ်လေးလုံး ပြည်သူ့ပါတီအမည်ကို ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ စုံညီအစည်းအဝေး ခေါ်ယူပြီးမှသာ ပါတီအမည်ကိစ္စ ဆွေးနွေး ဆုံးဖြတ်မည်
Published 18 June 2018

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရှစ်လေးလုံး ပြည်သူ့ပါတီအမည်အား ပြန်လည်ပြင်ဆင်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ စုံညီအစည်းအဝေးတစ်ရပ် ခေါ်ယူပြီးမှသာ ပါတီ၏ အမည်ကို ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီရုံးခန်း၌ ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးကိုကိုကြီးက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

ပါတီနာမည် ပြောင်းလဲခြင်းကိစ္စနှင့် ပတ်သက်၍ အများသဘောတူ ဆုံးဖြတ်ချက် ရယူသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

“နာမည်ပြောင်းမလားဆိုတာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ပါတီစပြီး ထူထောင်ရန် ကြိုးစားစဉ်ကတည်းက TopDown လို့ခေါ်တာပေါ့။ အပေါ်ကနေ အောက်ကို ဆုံးဖြတ်ချက်တွေ ချပေးတာမျိုး မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ ပါတီဖြစ်ပေါ်လာပုံရဲ့ ထူးခြားချက်တစ်ခုပါ။ ဘာကိစ္စဖြစ်ဖြစ်အများသဘော တူဆုံးဖြတ်တဲ့ ကျင့်စဉ်ကို ကျင့်သုံးခဲ့တာဖြစ်တဲ့ အတွက်ကြောင့် အခုမီဒီယာတွေကိုပြောတဲ့အထိ ကျွန်တော်တို့ဘက်က ဆုံးဖြတ်ချက်ဘာ တစ်ခုမှမပါသေးဘူး။ ဖြစ်စဉ်ကိုပဲ ပြောတာ။ ဆုံးဖြတ်ချက် ဆိုရင်တော့ ကျွန်တော်တို့ ဆုံညီအစည်းအဝေး ခေါ်ပြီးတော့မှ အခြေအနေတွေ အားလုံးကို ဆုံးဖြတ်မှာ။ အခုဆိုရင် ကျွန်တော်တို့ ရဲဘော်တွေဆီကိုလည်း သတင်းအချက်အလက်တွေ ပေးပို့ပြီးပါပြီ။ စုံညီအစည်းအဝေး ခေါ်ပြီးတော့မှ ဒီကိစ္စကို အများဆန္ဒအတိုင်း သဘောတူ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအမည် အသုံးပြုမှုအပေါ် ကန့်ကွက်သူများ၏ အကြောင်းပြချက် ခိုင်လုံသည်ဟုဆိုကာ ပါတီအမည်အား ပြန်လည်ပြင်ဆင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၄ ရက်တွင် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီထံ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းကြားစာရရှိသည့် ဇွန် ၁၄ ရက်တွင်ပင် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန် ပါတီခေါင်းဆောင် ဦးကိုကိုကြီးက စာပြန်လည်ပေးပို့ တောင်းဆိုခဲ့သည်။

ထို့နောက် ဇွန် ၁၅ ရက်တွင် အဆိုပါကိစ္စ အကြောင်းပြု၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ သွားရောက်တွေ့ဆုံခဲ့ပြီး ကော်မရှင် အနေဖြင့် ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ပေးရန် မရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

ထို့အတွက် ပါတီအမည်ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီက လာမည့် ဇွန် ၂၄ ရက်တွင် စုံညီ အစည်းအဝေးခေါ်ယူပြီး ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုကိုကြီး အပါအဝင် ပါတီတည်ထောင်လိုသူများက နိုင်ငံရေးပါတီတစ်ရပ်အား ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီမှတ်ပုံတင်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် လျှောက်ထားခဲ့သည်။

ထိုသို့ပါတီလျှောက်ထားမှုအပေါ် သက်ဆိုင်ရာဌာနအသီးသီးက ပါတီတည်ထောင်လိုသူများ၏ နောက်ကြောင်းကိုယ်ရေးရာဇဝင်များအား စိစစ်ပြီးဖြစ်သော်လည်း ရှစ်လေးလုံးပါတီ အမည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များနှင့် ဦးကိုကိုကြီး ဦးဆောင်သော ပါတီတည်ထောင်လိုသူများ မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီအမည်အား အသုံးပြုခြင်း မပြုရန် ပြောဆိုခြင်း မပြုသော်လည်း ပါတီအမည်အပေါ် ကန့်ကွက်မှုနှင့် အငြင်းပွားမှုများ ဖြစ်လာနိုင်မည်လားဆိုသည့် အချက်ပေါ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ပါတီအမည်ကိစ္စရပ်နှင့် ပတ်သက်၍ ဧပြီ ၁ ရက်က ရန်ကုန်မြို့၌ ပါတီဖြစ်မြောက်ရေးကော်မတီဝင်များ စုံညီ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီအမည်အား “ရှစ်လေးလုံးပြည်သူ့ပါတီ” ဟု အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ဆုံးဖြတ်ကာ ဧပြီ ၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ဧပြီလကုန်ပိုင်း ပါတီတည်ထောင်ခွင့်အား ခွင့်ပြုခဲ့ပြီးနောက် ပါတီမှတ်ပုံတင် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပါတီအမည်အား ပြင်ဆင်ရန် တရားဝင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent